ငါန်းဇွန်မြို့နယ် မဂျီကျေးရွာမှာ မီးကြွင်းမီးကျန်ကနေ နေအိမ် ၆၂ လုံး မီးလောင်

သြဂုတ် ၊ ၂၀ ၊ ၂၀၂၂
SP(VOM)

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မဂျီကျေးရွာအုပ်စု၊ မဂျီကျေးရွာမှာ မနေ့ သြဂုတ် ၁၉ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်က လူနေအိမ်တွေ မီးလောင်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မီးလောင်မှုဖြစ်စဥ်ကတော့ ဦးဗန်းတင် (ဘ) ဦးချစ်ကို၊၅၆နှစ် တောင်သူလုပ်ကိုင်သူရဲ့ မြေစိုက်၊ သွပ်မိုး၊ ထရံကာ နေအိမ်က ထမင်း/ဟင်းချက်ပြုတ်ပြီး မီးကြွင်းမီးကျန်ကနေ တဆင့် စတင်လောင်ကျွမ်းခဲ့ရခြင်းဖြစ်တယ် ၊ အဲ့ဒီမီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်သေဆုံးတာမရှိဘဲ လူနေအိမ် ၆၂ လုံး မီးလောင်ပျက်စီးသွားခဲ့တယ် “လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ မီးလောင်မှုဖြစ်စဥ်ကြောင့် ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးမှာ ငွေကျပ် ၃၅ သိန်း ၊ ၈ သောင်း ၊ ၅ ထောင်ကျပ်ဖြစ်တယ်လို့ ငါန်းဇွန် မီးသတ်စခန်းက ထုတ်ပြန်ထားပါတယ်။

အိမ်ထောင်စု ၆၂ စု၊ ကျား ၁၁၄ ဦး၊ မ ၁၃၇ ဦး၊ ပေါင်း ၂၅၁ ဦး မီးဘေးသင့်ခဲ့ရပြီး ၊ အဲ့ဒီ မီးဘေးသင့် ဒုက္ခသည်တွေကို မဂျီကျေးရွာမှာရှိတဲ့ အထက(ခွဲ)ကျောင်းနဲ့ လေးမျက်နှာဘုရားဝန်းတို့မှာ ယာယီကယ်ဆယ်ရေစခန်း ဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။

မီးလောင်မှုစတင်ဖြစ်ပွားရတဲ့ နေအိမ်ပိုင်ရှင် ဦးဗန်းတင်ကို ဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Photo-ငါန်းဇွန် မီးသတ်
#voiceofmyanmar #VOM #ငါန်းဇွန် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW