နီပြာတံ … ၊ ဂယ်လီပရု(ပ်) နှင့် သိမ်မွေ့ ခိုင်မာသော သတင်းစာဆရာ အယ်ဒီတာ

ဆူးငှက်
တကယ်တော့ ကျွန်တော်က လူထုသတင်းစာကိုကောင်းကောင်းမမီပါ။ လူထုသတင်းစာက ၁၉၆၇ ခုနှစ် ဇူလိုင်လ (၇)ရက်နေ့မှာ ရပ်စဲသွားသည်မို့ ထိုစဉ်က ကျွန်တော်အသက်ရှိလှ (၇)နှစ်၊(၈)နှစ်ပေါ့…။ဆော့ကောင်း ကစားကောင်းတုန်း အရွယ်ပေါ့။ ဒါပေမဲ့ အဖေနှင့်ရေစက်ရုံကြီးအနား (ယခု ဗဟိုမီးသတ်)က ဦးကြီးတို့အိမ်သို့ ဥပုသ်နေ့ အလည်အပတ်သွားလျှင်ဖြင့် ဦးကြီးတို့ ဧည့်ခန်းစားပွဲပေါ်မှာ လူထုသတင်းစာကို တွေ့ဖူးနေခဲ့သည်။လေး ငါး ခြောက်နှစ်သား ကျွန်တော့်အရွယ်နှင့် ထိုစဉ်က လူထုသတင်းစာဆိုဒ်(ယခုထွက်နေသောသတင်းစာများအရွယ်၏ ၂ဆ )ဘယ်လိုမှ ကိုင်၍ဖတ်မရနိုင်လေတော့။ စားပွဲပေါ်တင်ထားသည့် သတင်းစာခေါက်အတိုင်း မျက်နှာဖုံး၊ကျာဖုံးအခြမ်းတွေလောက်သာ ကြည့်နိုင်ခဲ့သည်။ မှတ်မိနေတာကတော့ အခါကြီး ရက်ကြီးများ (သင်္ကြန်၊ ကဆုန်လပြည့်၊ ဓမ္မာစကြာနေ့၊ သီတင်းကျွတ်လပြည့်နေ့၊ တန်ဆောင်မုန်းလပြည့်နေ့…စသည်)နှင့် ဂဇက်ဝင်ရက်များ(တော်လှန်ရေးနေ့၊မဒေးနေ့၊အာဇာနည်နေ့၊ဟီးရိုရှီးမားနေ့၊ လွတ်လပ်ရေးနေ့၊ပြည်ထောင်စုနေ့ …စသည်)တွင် လူထုသတင်းစာမျက်နှာဖုံးက ရောင်စုံပန်းချီကားများဖြင့် သရုပ်ဖော်လေ့ရှိခြင်းဖြစ်သည်။
ကျွန်တော်က လူထုသတင်းစာကို မျက်နှာဖုံးပန်းချီများအပေါ် စွဲမက်မှုအခန်းကဏ္ဍနှင့်ပဲ မှတ်မိနေ၏။ အတွင်းက သတင်းတွေ၊ဆောင်းပါးတွေ၊ ဝေဖန်ရေးတွေဆိုသည်ကနောက် စာဖတ်အားကောင်းလာချိန်မှ အဟောင်းတွေပြန်ဖတ်ပြီး တအံ့တသြဖြစ်ခဲ့ရ၏။ လူပျိုပေါက်အရွယ် စာဖတ်စအရွယ်မှာ ပြန်လည်ထိတွေ့ရတာက ဟံသာဝတီ သတင်းစာပဲဖြစ်ပါ၏။
လူထုသတင်းစာနှင့် ဟံသာဝတီသတင်းစာ အကြား သတင်းစာပတ်လပ်နေသည့် (၅)နှစ်ဆိုသော သက်တမ်းသည် မန္တလေးအဖို့ အလွန်တရာကြာရှည်သည့် ကာလကြီးတစ်ခုဟု မှတ်ထင်ရသည်။ထို့ကြောင့် ၁၉၆၉ ခုနှစ်၊အောက်တိုဘာတွင် စတင်ထုတ်ဝေမည့် ဟံသာဝတီသတင်းစာကို မန္တလေးသားတွေက အမျှော်လင့်ကြီး မျှော်လင့်ခဲ့သလို ရင် တခုန်ခုန်လည်း စောင့်မျှော်ခဲ့ရသည်။ မျှော်လင့်သည်က သတင်းစာတွေ အပြိုင်းအရိုင်းထွက်ခဲ့သည့်မြို့မှာ သတင်းစာဆိုလို့ မူးလို့မှ ရှုစရာမရှိအောင် ဆိတ်သုဉ်းခဲ့သောကြောင့် တစ်စောင်တည်းသော သတင်းစာကို မျှော်လင့်သည်က သတင်းစာကို မျှော်လင့်ခြင်းမည်သလို၊ လူထုသတင်းစာနှင့် တလျှောက်လုံး အသားကျ အာသာပြေ ဂုဏ်ယူခဲ့သော မန္တလေးအဖို့ ဟံသာဝတီသည် ထိုချဉ်ခြင်းကို ပပျောက်စေပါ့မလားဟူသော စိုးရိမ်စိတ်ဖြင့်လည်း ရင်ခုန်နေမိခြင်းကြောင့် ဖြစ်ပါ၏။
ကျွန်တော် သိမှီခဲ့သော ဟံသာဝတီသတင်းစာကလည်း ကျွန်တော်မြင်ဖူးရုံရှိခဲ့သော လူထုသတင်းစာနှင့် မျိုးဆက်ခြင်း တူညီဆက်စပ်သည်ဟု ကျွန်တော် ခံစားရသည်။ ဟံသာဝတီခေါင်းကြီးအရေးအသားနှင့် ရပ်တည်ချက်အများစုလည်း လူထုသတင်းစာနှင့် သယ်သည်ဟုဆိုရမည်။ ဆောင်းပါးတွေကရော ဟံသာဝတီမှာလည်း လူထုဦးလှ၊ လူထုဒေါ်အမာ၊ဒေါက်တာသန်းထွန်း၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ ဦးမောင်မောင်တင်(မဟာဝိဇ္ဇာ)၊မောင်သစ်လွင် (လူထု)၊ ကြည်မြ၊မမျိုးလွင်၊
ရွှေဥဒေါင်း စသည်။ ထို့နောက် ချင်းတွင်းချစ်သွေး ၊မောင်ဝင်းမောင်(တမ္ပဝတီ)၊ စိန်မြင့်(ရွှေချည်ထိုး)၊ ကံချွန်၊မြသောင်း(မြောက်ပြင်)၊ ကိုပညာ(အမရပူရ)…စသည် ။ ကဲ… လူထုအရောင် ၊လူထုအရိပ် (ဝါ) မန္တလေးအရောင်၊ မန္တလေး အရိပ်တွေပဲ မဟုတ်ပါလား။
နောက်
ဟံသာဝတီသတင်းစာမှအယ်ဒီတာချူပ်နှင့် အယ်ဒီတာအဖွဲ့ ၊ သတင်းထောက်များ၏ သတင်း၊သတင်းဆောင်းပါး၊ဆောင်းပါးများကလည်း ဒေသစွဲနှင့်ရေးသည်ဟုပဲပြောပြော၊ မန္တလေးအရိပ်၊ မန္တလေးအရောင်တွေပဲဖြစ်နေသည်။ မန္တလေးသားတွေ ဟံသာဝတီကို ဘယ်နှယ့်မစွဲလန်းဘဲ နေကြပါ့မလဲ ။ ဟံသာဝတီမှာ တစ်ခန်းကဏ္ဍအဖြစ်ပြောရမည့်ကာတွန်းကလည်း မန္တလေးလက်တွေချည်းဖြစ်နေတာကလည်း မနက်လင်းလျှင် ဟံသာဝတီကို မျှော်ရသည့် အဓိကအချက်ထဲ ပါနေပြန်ပါ၏။
ကျွန်တော်ကတော့ မတောက်တခေါက် စာဖတ်စအရွယ်၊ ဟံသာဝတီနှင့်ကြုံ၊ ဟံသာဝတီ တနင်္ဂနွေအချပ်ပို ကဏ္ဍများမှ သမိုင်း၊ သုတေသန၊ယဉ်ကျေးမှုနှင့် စာပေဆိုင်ရာဆောင်းပါးများနှင့် ကြီးပြင်းစအချိန်မို့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာကို ပို၍အလေးပေးနေမိသည်။
တကယ်တော့ အထက်ဗမာနိုင်ငံစာရေးဆရာအသင်း၏ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများကို ဦးလေးများ၊ အစ်ကိုများ၊ ပုဆိုးစဆွဲပြီး ဘာမှန်းညာမှန်းမသိဘဲ ကလေးအရွယ်က လိုက်သွားဖူးပါ၏။ ဓမ္မဗိမာန်ခန်းမကြီးထဲ ပရိသတ်များကြားက စာရေးဆရာများကို မြင်ဖူးပါ၏။ သို့ပေမယ့် ကလေးအရွယ်မို့ ဘာစိတ်ကူး၊ ဘာဆန္ဒ၊ဘာ အာသီသမှ မရှိခဲ့။ ယခု ဟံသာဝတီသတင်းစာ ဖိုးဝဇီရခန်းမက စနေစာပေဝိုင်းတွေမှာတော့ စာတမ်းများနှင့်အတူ စာရေးဆရာတွေကိုပါ ပူးတွဲ၍ စိတ်ဝင်စားမိသည်။ ထို့ကြောင့်လည်း ၊ ၁၉၇ဝနှင့် ၁၉၈ဝ ဝန်းကျင်၊ ကျွန်တော်ခြေဦးလှည့်ဖြစ်သောနေရာတွေက ရုံတော်ကြီး၊ ထိုင်စိန်ကဖေး(စာရေးဆရာတွေ ကာတွန်းဆရာတွေ ထိုင်တတ်တယ်ဆို၍)၊ ဟံသာဝတီ သက်သာ လက်ဖက်ရည်ဆိုင်(စာမူလာပို့သူများနှင့် အယ်ဒီတာများ
ထိုင်တတ်သည် ဆို၍)၊ ညဈေးတန်း မြင့်ကြည်အလင်းဆိုင် (ညအယ်ဒီတာများ ထိုင်တတ်သည့်ဆို၍) များဆီ ခြေဦးလှည့်ဖြစ်၏။ နေ့လယ်နေ့ခင်းဆိုလျှင် နဂါးတိုက် (ယခု၊အောင်သပြေကော်ဇောတိုက်)ရှေ့ ပလက်ဖောင်းက အအေးဆိုင်လေးမှာ သုံးမတ်တန် စက်အေးဖျော်ရည်လေး တစ်ခွက်စိမ်ပြေနပြေသောက်ပြီး မျက်နှာချင်းဆိုင် လူထုကြီးပွားရေး စာအုပ်တိုက်ထဲက ထွက်လာနိုင်မည့်၊ကဗျာဆရာ၊ စာရေးဆရာ ကာတွန်းဆရာ၊ အယ်ဒီတာတွေကို စောင့်မျှော်နေမိသည်။
လူထုဦးလှင့် လူထုဒေါ်အမာကိုတော့ ကျွန်တော့ အစ်မနှင့် ပတ်သက်ပြီး လူထုတိုက် ဧည့်ခန်းထဲမှာထိ ထိုင်ကာ အစ်မနှင့် စကားပြောမေးမြန်းနေကြသည်ကို တွေ့ရှိမြင်ဖူးခဲ့ပြီးနောက်၊ ကျွန်တော်ဘဝ၏ အကြီးမားဆုံး ဆန္ဒအာသီသတစ်ခုကို စတင် လမ်းဖွင့်သွားခဲ့သည်ဟု မှတ်ယူရပါမည်။
နောက် အစ်မနှင့် အစ်ကို(ယောက်ဖ)နှင့် ပတ်သက်ပြီး၊ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)နှင့်လည်း မြင်ဖူးသိဖူးခဲ့ပြီ.. ။ ဤသို့ဖြင့် ဆရာတော် ကိုပညာ(အမရပူရ)၊ ဆရာကံချွန်၊ ချင်းတွင်း ချစ်သွေး၊ မောင်ဝင်းမောင် (တမ္ပဝတီ)၊ စိန်မြင့် (ရွှေချည်ထိုး)၊တက္ကသိုလ်မြင့်နိုင် …စသည်…။
မှတ်မှတ်ရရ၊ တစ်ရက်က တမ္ပဝတီရှိ ဦးဝင်းမောင် (မောင်ဝင်းမောင်တမ္ပဝတီ)အိမ်မှ အစ်မနှင့် နှစ်ယောက်သား ဘတ်စ်ကားနှင့်ပြန်လာကြစဉ် ဘတ်စ်ကားနောက်တက်ခုံပေါ်မှ ပုဂ္ဂိုလ်တစ်ယောက်ကို အစ်မက နူတ်ဆက်လိုက်၏။ ထို့နောက် ထိုပုဂ္ဂိုလ်က တစ်နေရာရောက်တော့ ဘတ်စ်ကားပေါ်က ဆင်းနေရစ်ခဲ့သည်။ အစ်မက အဲ့ဒါ မောင်သစ်လွင်
(လူထု)တဲ့လေ…တဲ့။ ကျွန်တော်ကဖြင့် နာမည်ကျော် လူထုအယ်ဒီတာဆရာကို၊ ဆရာကြီးရွှေဥဒေါင်းကဲ့သို့ တိုက်ပုံ၊ ပိုးပုဆိုး၊ဆေးတံဖြင့် ရင်ကော့ခေါင်းမော့ကာ ဟိတ်ကြီးဟန်ကြီးဖြင့် မြင်တွေ့ရမည်ဟု ခန့်မှန်းထားရာမှ ဘတ်စ်ကားတစ်စီးပေါ် နောက်တက်ခုံကနေ တွဲခိုစီးရင်း အများနှင့်ရောနှောသွားသည့် ဆရာမာင်သစ်လွင်(လူထု)ကို စတွေ့ကတည်းက မှတ်မှတ်သားဖြစ်မိခဲ့ပါ၏။
တစ်ခုတော့ရှိသည်။ စာရေးဆရာ အယ်ဒီတာတစ်ယောက် ဂုဏ်ပုဒ်အနေနှင့် ပါဝါမျက်မှန်ထူထူတော့ ပါသပေါ့လေ။ ဒါပေသိ ဆရာကို အပြင်မှာ နောက်ပိုင်းသိပ်မတွေ့ဖြစ်။ ယခင်က ၃၃လမ်းမှာနေသည်။ ယခု တောင်မြို့ (အမရပူရ)ကပ်ကျော်မှာပြောင်းသွားပြီ။ အိမ်ရှင်မ ဆုံးပါးသွားတာ မကြာသေး။ စသည့်အချက်တွေပဲ သိပါ၏။ ဘဝ၏လောကဓံလှိုင်းတစ်ချက်အပုတ်မှာ လူမမယ် သမီးငယ်နှစ်ယောက်နှင့်အတူ သိုသိပ် မြိုသိပ်ပြီး ကြံ့ကြံ့ခံနေသည့် သဘောဖြစ်မှာပေါ့။
ဤသို့ဖြင့်(၁၉၉ဝ)ဝန်းကျင် စာပေစိတ်၊နိုင်ငံရေးစိတ်၊ ပဋိပက္ခများအကြား၊ မန္တလေးမြို့မှ ရှားရှားပါးပါး မဂ္ဂဇင်းတစ်စောင် ထွက်ဖို့ပြင်ဆင်နေသည်ဟူသော သတင်းက ကောက်ရိုးတစ်မျှင်မှသည်၊မြက်နုတစ်ခင်း၊ သီးကင်းဝေဆာ သစ်ကောင်း တစ်ပင် ပမာအထိ မျှော်လင့်လာကြ၏။ အဘယ်ကြောင့်ဟူမူ ရွှေဝတ်ရည်၏ ပဲ့ကိုင် မာလိန်မှူးက ဆရာမောင်သစ်လွင် (လူထု)ဟူသောကြောင့် ဖြစ်သည်။ လူထုသတင်းစာ၊ဟံသာဝတီသတင်း မှသည် ရွှေဝတ်ရည် သို့။ သည်လိုနှင့် ၁၉၇၈ခုနှစ် ဟံသာဝတီရပ်စဲပြီးနောက်၊ (၁၉၈၈) အရေးတော်ပုံကာလက ကလောင်မီးပွားများ၊ တဖြန်းဖြန်းတောက်ပခဲ့မှုကာလတို့မှာ ဖုန်းကနဲ အရှိန်သတ်လိုက်စဉ်၊ မြိုသိပ်ခဲ့ရသည့် အနုပညာတွေကို ရွှေဝတ်ရည် စာမျက်နှာတွေမှာ လိမ္မာ သိုသိပ်စွာ ဖွင့်အန်ကြကုန်အံ့ ဟူသော အာသီသများဖြင့် မန္တလေးသည် မျှော်လင့်ခဲ့ကြပြန်သည်။ ကဗျာ၊ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးနှင့် ကာတွန်းများ… ။
ထိုစဉ်ကာလမှာပဲ၊ ကုန်လွန်ခဲ့သော ဆယ်စုနှစ်များဆီက တဒင်္ဂ ဖျပ်ခနဲသာ တွေ့ခဲ့ရသော ဆရာမောင်သစ်လွင်(လူထု)ထံ ကျွန်တော်မှာ မမျှော်လင့်ဘဲ အရိပ်ခိုခွင့် ရခဲ့လေတော့၏။ တကယ်တော့ ဆရာနှင့်တွေ့စဉ် ကျွန်တော်က ဆောင်းပါးလေးတွေ လေး ငါး ဆယ်ပုဒ်လောက်သာ မဂ္ဂဇင်းတွေထဲမှာ ပါဖူးသေးသောကာလ။ ဆူးငှက်ပင် အတောင်အလက် မစုံသေး…။ ကျွန်တော့်ကို သိကြသည်က ဆောင်းပါးရေးသော ကလောင် ‘ဆန်းကျော်မောင်’တဲ့လေ..။ ဘာမှမဟုတ်သေးသည့် ကျွန်တော့်ဘဝကိုလည်း ဆရာသစ် (မောင်သစ်လွင်-လူထု)က ရွှေဝတ်ရည်မဂ္ဂဇင်းတွင် အမှုဆောင် အယ်ဒီတာဟူသော မတန်မရာ ဂုဏ်ပုဒ်ဖြင့်ရောက်သည့်နေ့မှာပဲ ဂယ်လီပရု(ပ်)တွေ ဖတ်ခိုင်း၏ ၊ ပြင်ခိုင်း၏(ထိုနေ့မှ ထို ဂယ်လီ ပရု(ပ်) ဆိုတာမြင်ဖူးသည်)။
သူရှေ့သူ့စားပွဲမှာပဲ သတင်းဆောင်းပါး တစ်ပုဒ်၊အက်ဆေး တစ်ပုဒ် ရေးခိုင်း၏။ ပြီးတော့ အင်တာဗျူးတစ်ပုဒ် … ။ထို့နောက် ကျွန်တော် မတန်တရာ လစဉ်ရေးသားသော ရှားပန်းကလောင်နှင့် ဝေဖန်ရေးဆောင်းပါး (ပဉ္စမမြောက်အပုဒ်ဖြစ်မည် ထင်သည်) လက်ရေးမူကို ကိုင်ပြီး၊ ကြီးကြီးကျယ်ကျယ် စကားလုံး ဗလပွနှင့်(ထိုစဉ်က သုံးနှုန်းသည့်စကားလုံးနှင့်ပြောရလျှင် ခြေသေးတရုတ်မ ခြေပတ်အဝတ်စ ကဲ့သို့ ရှည်လည်းရှည်၊ နံလည်းနံသော) ကျွန်တော်၏ လူတွင်ကျယ် ဝေဖန်ရေးဆောင်းပါးကို ဆရာသစ် ကိုယ်တိုင် လက်သမားသုံး နီပြာတံ (ထိုစဉ်ကအယ်ဒီတာများလက်စွဲ)ကြီးနှင့် တစ်ကြောင်းဖတ်၊ မလိုတာ ခဲနီခြစ်၊နှစ်ကြောင်းဖတ် မလိုသည့်တစ်ကြောင်း ခဲနီနှင့်ခြစ်၊ နူတ်မှလည်း ညံ့ညင်သာစွာဖြင့် ဒီစာလုံး လိုလား၊မလိုဘူးနော်…ခြစ် ။ ဒီစာကြောင်းခြစ်လိုက်ရင် မင်း ဆိုလိုချင်တာ ပျက်သွားသလား မပျက်ဘူးနော် ဒါဆိုရင် ခြစ် ..။ ဒီစာပိုဒ်က နည်းနည်းမာနေသလား မပါလို့ဖြစ်လား ဖြစ်တယ်နော်၊ ဒါဆို တစ်ပိုဒ်လုံးခြစ်…စသည်ဖြင့် ၊စသည်ဖြင့် ရဲပတောင်းခတ် ပြင်ဆင်ပေးပြီးသကာလ နိဂုံးချုပ်အနေနှင့်
” ကိုင်းဒါဆိုရင် မင်းဆောင်းပါးလေး လှသွားပြီ။ မင်းအသက်၊ မင်းဝါ နဲ့ မင်းပြောမယ့် ရေးမယ့် အကြောင်းအရာ အချက်အလက်နဲ့ ပုဂ္ဂိုလ်ကကြီးနေမြင့်နေလေရဲ့။ ဒီတော့ မင်းအနေနဲ့ ခြေဖျားထောက်၊ လက်သီးလက်မောင်း တန်းပြီး ပြောသင့်သလား။ မပြောသင့်ဘူးနော်…၊ ဟုတ်လား …။ လက်လေးပိုက်၊ခေါင်းလေးငုံ့ပြီး ညင်ညင်သာယာဖွယ်ဖွယ်ရာရာ သိမ်သိမ်မွေ့မွေ့ အောက်ကြို့ပြီးပြောရင် ပိုမကောင်းဘူးလား…။ အေး..ကောင်းပါပေတယ်နော်…။ အစက မင်း ဆောင်းပါးမှာ ခြေဖျားထောက်၊ လက်သီးလက်မောင်း တန်းတာ များနေတယ်။ အခုမှ မင်းဆောင်းပါးက လက်လေးပိုက်၊ခေါင်းလေးငုံ့၊ သိမ်မွေ့သွားတာ။ သိမ်မွေ့တာ မကောင်းဘူးလား..။အေး…ကောင်းတာပေါ့…ဟုတ်လား…။ ဆရာဇော်ဂျီကို သိတယ်နော်… စာပေအရာမှာစေ့စပ်တဲ့ ကဝိတစ်ဆူ မဟုတ်လား…။ ဆရာဇော်ဂျီလို ပုဂ္ဂိုလ်ကပင်လျှင် မှန်တဲ့ကိစ္စဖော်ပြရာမှာ ‘ယူသော် ရကောင်း၏’လို့ပဲ ပြောခဲ့ရေးခဲ့တာကွယ် …” စသည်ဖြင့် သိမ်မွေ့ စွာ သင်ကြား လမ်းပြပေးခဲ့၏။
ကျွန်တော်နှင့်အတူ တစ်ရက်တည်း အတူရောက်ရှိခဲ့သော ပန်းချီစိုးဝင်းငြိမ်းကိုလည်း ဆရာက တူလို သားလို အုပ်ထိန်းခဲ့၏။ ကျွန်တော်တို့ ဆရာထံရောက်ရှိပြီး မဂ္ဂဇင်းတစ်အုပ်(ရွှေဝတ်ရည်အမှတ် -၅)ထုတ်ဝေပြီးနောက် ဆရာက မဂ္ဂဇင်းတိုက်သို့ တစ်ပတ်မှ တစ်ရက်လောက်သာ လာတော့ပြီးကျွန်တော်တို့နှစ်ယောက်ကို မဂ္ဂဇင်းကိစ္စ၊ စိတ်ချလက်ချ လွှဲအပ်တော့သည်။ မဂ္ဂဇင်းဖောင်ပိတ်ပြီးမှသာ သို့မဟုတ်၊ မဂ္ဂဇင်းထွက်မှသာ ဆရာရွေးချယ်ပေးခဲ့သော စာမူများမှ ဘာစာမူတွေ သုံးထားသည်ဆိုသည်ကို ဆရာသိသည်အထိ လုပ်ပိုင်ခွင့်တွေ စိတ်ချလက်ချ လွှဲတော့၏။ သို့ပေမဲ့ မမှားသင့် မမှားအပ်၊ မလုပ်သင့် မလုပ်အပ်သည့် ကိစ္စတွေကိုတော့ ကျွန်တော်တို့နှစ်ယောက်ကို လက်ဖက်ရည်ဆိုင်သို့ လက်တို့ခေါ်သွားပြီး မနှေးမဆိုင်း ပြောဆိုဆုံးမသည်။
ရွှေဝတ်ရည် ရပ်နားပြီး ဒေါ်ဒေါ် လူထုဒေါ်အမာဆီမှာ ကျွန်တော်ရောက်သွားတော့ ဆရာက အလွန် အားရဝမ်းသာသွားသည်။ ဆရာက မျိုးဆက်အမွေဆက်ခံမှုသဘောကို တဖွဖွပြောသည်။ဒေါ်ဒေါ်ထံမှာပညာအမွေ …၊သဘောတရား အမွေ…၊စေတနာအမွေ …၊ ရအောင်ယူပါဟုလည်း ဆရာနှင့်တွေ့တိုင်းပြောသည်။ ဆရာမောင်သစ်လွင် (လူထု)က လူထုသတင်းစာ၊ လူထု ဂျာနယ်နှင့် ရွှေဝတ်ရည်မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ပေးခဲ့သဖြင့် သတင်းစာမှ စာ ၊ ဂျာနယ်မှ နယ်၊ မဂ္ဂဇင်းမှ ဇင်း …။စာ၊နယ်၊ဇင်း ဟူသော ထောက်သုံးထောက်စလုံးမှာ ပါဝင်ဆောင်ရွက်ခဲ့ရမှုကို ကျွန်တော်တို့အား ပြောပြလေ့ရှိ၏။သတင်းစာဆရာ တစ်ယောက်အဖြစ် ဘဝကိုဖြတ်သန်းခဲ့ရမှုကိုလည်း ဆရာက အမြဲဂုဏ်ယူသည်။
(၁၉၆၇) ခုနှစ် ကတည်းက သတင်းစာဆရာ တာဝန်နှင့်ဝေးခဲ့ရသော်လည်းယနေ့အထိ ထိုတာဝန်၊ ထိုဝိဉာဉ်က ပျောက်ကွယ်မသွားသေး…..။ သန်းခေါင်သန်းလွှဲအထိ ရေဒီယိုတစ်လုံးနှင့် မြန်မာပိုင်း၊ အင်္ဂလိပ်ပိုင်း သတင်းအစီအစဉ်တွေပြီးမှ အိပ်ပျော်သတဲ့ … ။
” မင်းတို့ ငါဆီလာရင် မနက်စောစော မလာနဲ့၊ ငါက သတင်းစာဆရာ၊ ညအယ်ဒီတာဘဝ မလွတ်မကျွတ်သေးဘူး။ လင်းအားကြီးဖောင်ပိတ်ပြီးမှ အိပ်ပျော်တော့ မနက်စောစော မနိုးဘူးကွဲ့” ဟု ယခုတိုင် ရယ်ရွှန်းစကား ပြောမြဲဖြစ်ပါ၏။ သတင်းခေတ်မှာ ဝါရင့်သတင်းစာဆရာကြီး မောင်သစ်လွင်(လူထု)ထံက အတွေ့အကြုံတွေ၊သတင်းစာ ပညာတွေ အများကြီး ရနိုင်ပါသည်။ ဆရာရေးသားခဲ့သော သတင်းစာဆိုင်ရာ ဆောင်းပါးတွေ၊ ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးတွေလည်း စာအုပ်ပေါင်းများစွာ ထုတ်ဝေနိုင်ခဲ့သည်။
ဤသို့ဖြင့် ဆရာမောင်သစ်လွင်(လူထု) သည် သမီးလိမ္မာ၊မြေးလိမ္မာများနှင့် ပျော်ရွင်ချမ်းမြေ့စွာ ခေတ်နှင့်အမီလိုက်ဆဲ ၂၀၂၂ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ ညနေ ၄နာရီမှာပင် သူချစ်သော စာနယ်ဇင်းလောက က အပြီးတိုင် ထွက်ခွာသွားချေပြီ။ညံံ့သော သိမ်မွေ့သော ခိုင်မာသော သတင်းစာဆရာကောင်း အယ်ဒီတာကောင်းတစ်ယောက် ဆုံးရှုံးရပြန်ပေါ့။
#voiceofmyanmar #VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW