တလုတ္ထော်ထွေ/အုပ်ရုံးကို လာပစ်ထားတဲ့အိတ်ကနေ ဗုံးပေါက်ကွဲလို့ အသက်၈၀အရွယ် အမျိုးသား ၁ ဦးသေဆုံး၊ အမျိုးသမီး ၁ ဦးဒဏ်ရာရ

သြဂုတ်၊ ၂၁-၂၀၂၂
မင်းမြတ်

ဧရာ၀တီတိုင်း၊ ဟင်္သာတခရိုင်၊ဟင်္သာတမြို့နယ် ၊
တလုတ္ထော်မြို့၊ ထွေအုပ်ရုံးကို မနေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းက အမည်းရောင်အိတ်နဲ့ လာပစ်ထားတဲ့ အထုတ်ကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အသက် ၈၀ အရွယ်ရှိ အမျိုးသား ၁ ဦးသေဆုံးသွားပြီး အမျိုးသမီး ၁ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဟင်္သာတမြို့နယ် ဟင်္သာတ-ကြံခင်းလမ်းမပေါ်မှာတဲ့ အထွေထွေအုပ်ချုပ်ရေးဦးဌာနရုံးနဲ့ တိုက်နယ်ဆေးရုံကြားမှာတွေ့ရှိတဲ့ အထုပ် ၁ ခုကို ဖွင့်ကြည့်တဲ့အခါ အိတ်ထုပ်ထဲက ဗုံးပေါက်ကွဲမှုမှုဖြစ်ပွားလို့ အသက် (၈၀)နှစ်အရွယ် ဦးတင်ဆိုသူ အခင်းဖြစ်နေရာမှာသေဆုံးသွားပြီး ပေါက်ကွဲမှုဖြစ်တဲ့နေရာနဲ့ ခပ်လှမ်းလှမ်းမှာ ရှိတဲ့ ဒေါ်သန်းသန်းဌေး အသက်(၃၅)နှစ်အရွယ် လည်းယာ ဘက် ခြေထောက်နဲ့ ကျောဘက်တို့မှာထိခိုက်ဒဏ်ရာတွေ ရရှိသွားတာလို့သိရပါတယ်။

”သေဆုံးသူ ဦးတင်က ထွေးအုပ်ရုံးရှေ့နဲ့ တိုက်နယ်ဆေးရုံး အနီးမှာတွေ့တဲ့ အထုပ်ကို ဖွင့်ဖောက်ကြည့်ရာကနေ ပေါက်ကွဲမှုဖြစ်ပွားလို့ သေဆုံးသွားတာ ၊ ပေါက်ကွဲမှုဖြစ်ပွားတဲ့ နေရာရဲ့ ခပ်လှမ်းလှမ်းမှာရှိတဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာတွေရသွားတယ် ၊ ဦးတင်ကတော့ အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားတယ်၊ ဒဏ်ရာရတဲ့ အမျိုးသမီးကို ဆေးရုံပို့လိုက်တာတွေ့ရတယ် ၊ ဗုံးက ထွေအုပ်ရုံးကိုလာပစ်ထားတဲ့ဗုံးပါ ၊ မပေါက်သေးတာ အဖိုးကကိုင်ပြီး ဖွင့်ကြည့်မှထပေါက် တာ၊ ခုတ်ရာ တစ်ခု ထိတာ တခြား ဖြစ်သွားတာလို့ယူဆတယ်၊ သေဆုံးသွားတဲ့ အဖိုးက အသက် ၈၀ လောက်ရှိတယ် ၊ ဒဏ်ရာရရှိသွားတဲ့ အစ်မက အသက် ၃၅ လောက်ရှိမယ် ၊ ဝန်ထမ်း ၁ ဦးလို့လည်းသိရတယ်။”လို့ ဒေသခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မိနစ် အနည်းအငယ်အကြာမှာ ဖြစ်ပွားတဲ့နေရာကို စစ်သားနဲ့ ရဲတွေ လာရောက်စစ်ဆေးခဲ့ပြီး ထွေအုပ်ရုံးနဲ့ ဆေးရုံပတ်ဝန်းကျင်ကိုလည်းစစ်ဆေးခဲ့သလို ညနေဘက်မှာလည်း ကားဂိတ်နဲ့ သင်္ဘောဆိပ်မှာ စစ်ဆေးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

”ရုတ်တရက် စစ်သားတွေနဲ့ ရဲတွေရောက်လာပြီး ဟိုမေး ဒီမေး လုပ်တာတွေ့ရတယ် ၊ Mask တပ်ထားတဲ့ ကားဂိတ်က ခရီးသည်လူငယ်တချို့ကိုလည်း Mask ဖြုတ်ပြီး စစ်ဆေးတာတွေ့ရတယ် ၊ ဒါနဲ့ စုံစမ်းကြည့် တော့မှ ဗုံးပေါက်လို့ဆိုတာကိုသိရတာ ၊ တော်တော်လေး သုတ်သုတ်ပြာပြာဖြစ်နေကြတယ် ။”လို့ ကားဂိတ်အနီးက ဒေသခံတဦးကပြောပါတယ်။

ဟင်္သာတမြို့နယ်အတွင်းက ဌာနဆိုင်ရာရုံးတွေစိုက်တဲ့ နေရာမှာ ဗုံးပေါက်ကွဲပြီး လူသေတဲ့အထိဖြစ်ပွားတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ သိရပြီး သြဂုတ် ၂၀ ရက်ကတော့ ဟင်္သာတမြို့နယ်အထွက် ၊ ဒူးယားကျေးရွာနဲ့ လက်ပံစုကျေးရွာအနီးမှာ မောင်းလာတဲ့ ဆိုင်ကယ်ပေါ် ကနေ ဗုံးပေါက်ကွဲမှုဖြစ်ပွားလို့ အမျိုးသား ၂ ဦးသေဆုံးသွားခဲ့သေးတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

#voiceofmyanmar #VOM #ဟင်္သာတ #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW