မြန်မာနိုင်ငံသား ၁ ဦးကို အိန္ဒိယနိုင်ငံမှာ အကြမ်းဖက်မှုဥပဒေနဲ့ ဖမ်းဆီးထား

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂
SP(VOM)

အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသား ၁ ဦးကို အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေပုဒ်မအရ သြဂုတ် ၂၀ ရက်က အိန္ဒိယအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဒေသဆိုင်ရာသတင်းမီဒီယာတွေမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ မြန်မာနိုင်ငံမှာ သတင်းထောက်လုပ်ငန်းလုပ်ကိုင်ဖူးသူ တယောက်ဖြစ်တယ်လို့ သိရတာကြောင့် အိန္ဒိယရောက် မြန်မာလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ မိုးရေးမြို့ခံ ဦးဂျမားကို ဆက်သွယ်ရာမှာတော့ ” အိန္ဒိယမှာ ရောက်နေတဲ့ စစ်ကိုင်းတိုင်း ၊ တမူးမြို့ ၊ အမှတ် ၅ ရပ်ကွက်မှာနေတဲ့ အရင်က တမူး မဇ္စျိမ သတင်းထောက်ဟောင်း ဘိုဘိုအောင် ဆိုသူကို ပစ္စတိုသေနတ် ၂ လက် ၊ ကျည်အိမ် ၄ ခု အပါအဝင် ခဲယမ်းတွေနဲ့ ဖမ်းမိတယ်လို့ သိရတယ် ၊ မိုးရေး BSF ကဖမ်းထားပြီး ၊ မိုးရေး ရဲစခန်းမှာ လက်တလော စစ်ဆေးနေတာ “လို့ ပြောပါတယ်။

မြန်မာ – အိန္ဒိယ၂ နိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၁ ကစလို့ မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ်မှာ အရှိန်မြင့် လုပ်ဆောင်လာနေတဲ့အတွက် အဖမ်းခံရတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

သြဂုတ်လ ၉ ရက် နေ့ကလည်း အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်၊ ချာချန်ပူရ် ( Churachandpur) ခရိုင် ၊ နဂထွယ် ( Ngathal )ရွာက နေအိမ်တခုမှာ ခိုလှုံနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၅ ဦးကို မဏိပူရ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယနိုင်ငံရောက် မြန်မာအရေးကို ကူညီပေးနေတဲ့ မိုးရေးမြို့ခံ မြန်မာတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်ကလည်း ချာချန်ပူရ်ခရိုင်အာဏာပိုင်တွေဟာ မြန်မာ-အိန္ဒိယ ၂ နိုင်ငံနယ်စပ်ဒေသက ရွာပေါင်း ၂ ရာကျော်ကို တအိမ်ဝင် တအိမ်ထွက် စနစ်နဲ့ လိုက်လံစစ်ဆေးချိန် မြန်မာနိုင်ငံသား ကလေးတချို့အပါအဝင် လူ ၂၀ ခန့် ဖမ်းဆီးခံရပြီး လက်ရှိမှာတော့ အိန္ဒိယ လဝက ဥပဒေနဲ့ အမှုရင်ဆိုင်နေရတယ်လို့ နယ်စပ်သတင်းတွေအရ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့လ ၅ ရက်နေ့က တမူးမြို့မှာ မိုးရေးဒေသခံ အိန္ဒိယ တမီးလ် လူမျိုး ၂ ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း အိန္ဒိယအာဏာပိုင်တွေဟာ နယ်စပ်တလျှောက် လုံခြုံရေးတွေ တင်းကြပ်စွာချထားပြီး နယ်စပ်မျဥ်းနားက ရွာတွေကို နေ့တိုင်း ဝင်ရောက် စစ်ဆေးနေတာလို့ သိရပါတယ်။

အိန္ဒိယရောက် မြန်မာတွေ ဒီနှစ်ထဲမှာ အဖမ်းခံရတာ မီဇိုရမ်းပြည်နယ်နဲ့ မဏိပူရ်ပြည်နယ်မှာ လူဦးရေ ၅၀ ဝန်းကျင်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #အိန္ဒိယရောက်မြန်မာနိုင်ငံသား #အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးထား

Related posts

Leave a Comment

VOM News

FREE
VIEW