ရှမ်းနီ စာပေနဲ့ယဥ်ကျေးမှု ကော်မတီဝင် ဘုန်းကြီး ၁ ပါးနဲ့လူ ၃ ဦးကို KIAက ဖမ်းဆီးသွားတယ်လို့သိရ

 

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ၊ ကြောင်လည်ကျေးရွာ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးတဲ့ ရှမ်းနီဘုန်းကြီး ၁ ပါးအပါအဝင် လူပုဂ္ဂိုလ် ၃ ဦးကို KIAက မနေ့ သြဂုတ် ၂၁ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းနီရေးရာ စာပေနဲ့ယဥ်ကျေးမှုကော်မတီအဖွဲ့ဝင်တွေဆီက သိရပါတယ်။

” မနေ့က ညနေပိုင်းက ရွာထဲကို KIA တွေဝင်လာပြီး ဖမ်းဆီးခေါ်သွားတာပါ ၊ ဗုဒ္ဓတရားတော်တွေကို ရှမ်းနီဘာသာ စာပေနဲ့ ပြုစုနေတဲ့ ဆရာတော် ဥူးသူရိယ သက်တော် ၅၆ နှစ် ၊ ဝါတော် ၂၀ ရ ဆရာတော်ပင်းခါးလမ်းဆုံကျေးရွာအုပ်စု ၊ အုပ်ချုပ်ရေးမှူး ဦးဝင်းစိုး ၊ ကျောင်းဆရာ ဦးအောင်ပန်း ၊ နောက်ပြီး ကိုလင်းဇော်တို့ ၃ ဦးကိုလည်း ဖမ်းဆီးခေါ်သွားတယ် ၊ ဒီိနက်အထိတော့ အဆက်အသွယ် မရသေးဘူး ” လို့ ကြောင်လည်ကျေးရွာမှာနေတဲ့ ဒေသခံတယောက်က ပြောပါတယ်။

ဗန်းမောက်မြို့နယ် ရှမ်းနီ စာပေနဲ့ယဥ်ကျေးမှု ကော်မတီ အဖွဲ့ဝင်တယောက်က ” ကျွန်တော်တို့ ရှမ်းနီတိုင်းရင်းသားတွေ လစဥ်တိုင်း လိုလို အဖမ်းခံရနေတယ် ၊ အဖမ်းခံရသူတွေဟာ ဘုန်းကြီးတွေ ၊ ကျောင်းဆရာတွေ ၊ ယဥ်ကျေးမှု အဖွဲ့ဝင်တွေ ၊ ပရဟိတသမားတွေ နဲ့ လူပုဂ္ဂိုလ်တွေဖြစ်တယ် ၊ ဘာကြောင့် ဖမ်းဆီးတယ် ၊ ဘယ်အတွက်ကြောင့် ပြန်လွှတ်မပေးနိုင်ဘူးဆိုတာ မသိရဘူး ၊ အဖမ်းခံရရင် အဆက်အသွယ်ပြတ်တာ များတယ် “လို့ ပြောပါတယ်။

အရင်ရက်ပိုင်းတွေကလည်း ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ်မှာနေတဲ့ ကြက်ခြေနီ အဖွဲ့ဝင် ရှမ်းနီ ပရဟိတသမားတယောက်ဟာ ဟောင်ပါးရွာဘက်မှာ အခုလို ဖမ်းဆီးခံရပြီး ဒီကနေ့အထိ ပြန်လွတ်လာတာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက် ၊ နေ့လည် ၁၂ နာရီဝန်းကျင်ကလည်း ကောလင်းခရိုင် ၊ ဝန်းသိုမြို့နယ် ၊ ဂျိုထောင်ကျေးရွာမှာရှိတဲ့ ခန္တီသာရာမကျောင်းတိုက်ရဲ့ ဒုတိယ ကျောင်းထိုင်ဆရာတော် အသျှင် ကုဝေရ သက်တော် ၄၀ ၊ ဝါတော် ၂၀ နဲ့ ရွာခံ ဦးကံထူး အပါအဝင် လူ ၄ ဦး ဟာလည်း အခုလို ဖမ်းဆီးခံရတာ ဒီကနေ့အထိ အဆက်အသွယ်မရဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စစ်ကိုင်းတိုင်း၊ ကသာခရိုင် ၊ ဗန်းမောက်မြို့နယ် ရှမ်းနီ စာပေနဲ့ယဥ်ကျေးမှုကော်မတီ အဖွဲ့ရဲ့လူငယ်တာဝန်ခံဖြစ်သူတဦးလည်း အလားတူ ဖမ်းဆီးခံရပြီး သူကတော့ ၁ ပတ်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

Photo- ဆရာတော် ဥူးသူရိယပုံ
#voiceofmyanmar #VOM #ရှမ်းနီစာပေနဲ့ယဥ်ကျေးမှုကော်မတီဝင်ဘုန်းကြီးတပါးနဲ့လူသုံဦး #KIAကဖမ်းဆီးသွားတယ်လို့သိရ

Related posts

Leave a Comment

VOM News

FREE
VIEW