အလောင်းတော် ကဿပ ဘုရားတောင်ခြေက ရွာ ၄ ရွာ မီးရှို့ဖျက်ဆီးခံရမှုမှာ လူ ၄ ဦး သေဆုံးပြီး ၃၀ ကျော် ပျောက်ဆုံးနေ ​

သြဂုတ် ၊ ၂၂ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် နဲ့ ကနီမြို့နယ် အကြား အလောင်းတော် ကဿပ ဘုရားတောင်ခြေမှာရှိတဲ့ ရွာ ၄ ရွာ ဟာ ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၇ ရက်က စလို့ မီးရှို့ဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်ကာ လူသေဆုံးတာတွေနဲ့ ပျောက်ဆုံးတာတွေ ရှိတယ်လို့ အဲ့ဒီ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မီးရှို့ဖျက်ဆီးခံရတဲ့ ရွာ ၄ ရွာက ကပိုင် ၊ ဝင်းကုန်း ၊ သလောက် နဲ့ ကြပ်ရွာတွေဖြစ်တယ် ၊ ဟိုဘက်ရွာကို ရှို့လိုက် ၊ ပျောက်သွားလိုက် ၊ တခါ ဒီဘက်ရွာမှာ ပြန်ပေါ်လာပြီး ဒီဘက်ရွာကို ရှို့လိုက်နဲ့ နေ့တိုင်းနီးပါး ရှို့ခံနေရတာပါ ၊ ကပိုင်ရွာမှာက ဖိုးသောကြာ အပါအဝင် လူ ၄ ဦးသေတယ် ၊ အလောင်းပြန်ရတယ် ၊ ခန္ဓာကိုယ် တခုလုံး ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ထားတယ်ဆိုတာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းပေါ်က ဒဏ်ရာတွေက သက်သေခံနေတယ် ” လို့ ကပိုင်စံပြကျေးရွာ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ရွာ ၄ ရွာ မီးရှို့ခံရတာနဲ့ ပတ်သက်လို့ ဒေသခံ တယောက်က ” ကပိုင်စံပြကျေးရွာက အိမ်ခြေ ၁ ထောင်ကျော်ရှိတာ ၄ ပုံ ၊ ၁ ပုဲ မီးရှို့ဖျက်ဆီးခံရတယ် ၊ ဝင်းကုန်း ၊ သလောက် ၊ ကြပ်ရွာတွေဘက်မှာက အခုမှ စာရင်းကောက်နေတုန်းဖြစ်တယ် ၊ ကနဦး ခန့်မှန်ချက်အရတော့ အဲ့ဒီ ၃ ရွာပေါင်း အိမ်ခြေ ၁ ရာကျော် ၊ ၂ ရာဝန်းကျင်ရှိမယ် ” လို့ ပြောပါတယ်။

အဲ့ဒီ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတဲ့ ရွာ၄ ရွာဟာ အလောင်းတော် ကဿပ ဘုရားဖူးသွားလမ်းမှာရှိပြီး ၊ အမျိုးသား သဘာဝ ဘေးမဲ့ ဥယျာဥ် ဧရိယာမှာ ရှိတာကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ လူတွေထဲက ၃၀ ကျော်ဟာ အခုထိ ဆက်သွယ်မရ ပျောက်ဆုံးနေတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီလ ၁၀ ရက်နေ့နောက်ပိုင်းကစလို့ ယင်းမာပင်မြို့နယ်ရဲ့ အနောက်ဘက်ခြမ်း ဒေသဘက်ကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေ ဝင်ရောက်လာပြီး ထိတွေ့တိုက်ပွဲငယ်တွေဖြစ်ကာ လူသေဆုံးမှုဟာလည်း ၂ ဒါဇင်အထက်မှာ ရှိတယ်လို့ သိရပါတယ်။

ရင်ပေါင်တိုင် ၊ ဆင်စွယ် ၊ တာဝ ၊ ရွှေလှံ ၊ ကပိုင် ၊ ဝင်းကုန်း ၊ သလောက် ၊ ကြပ် စတဲ့ ရွာတွေဘက်က လူနေအိမ်တွေနဲ့ အခြားအဆောက်ဦးတွေ မီးရှို့ဖျက်ဆီးခံရတာကြောင့် နေအိမ် အဆောက်ဦး ၁ ထောင်ဝန်းကျင် ပျက်စီးဆုံးရှုံးရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ဇွန် ၊ ဇူလိုင် ၊ နဲ့ အခု သြဂုတ်လအတွင်း ဝက်လက်မြို့နယ် ၊ ဒီပဲယင်းမြို့နယ် ၊ ရေဦးမြို့နယ် ၊ မြင်းမူမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်တွေက ကျေးရွာပေါင်း ၅၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေယာမဲ့ ဒုက္ခသည် ၁ သောင်းနီးပါးတိုးလာတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #အလောင်းတော်ကဿပ #ယင်းမာပင် #ရွာမီးရှို့ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW