မန္တလေးမြို့ လမ်း၃၀ပေါ်မှာ ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရ

ဩဂုတ် ၂၃-၂၀၂၂
Voice Of Myanmar

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀နဲ့ ၅၇လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက ဟိုတယ်ဝန်ထမ်း လင်မယား သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတဦးကတော့ ” သေနတ်နဲ့ပစ်သွားတာတော့ အချက်ရေ တော်တော်များတယ်၊ သူတို့ကလည်း ဆိုင်ကယ်နဲ့ ပစ်သွားတဲ့သူတွေကလည်း ဆိုင်ကယ်နဲ့ပဲ၊ ဘာကြောင့်ပစ်သွားလဲဆိုတာတော့ စုံစမ်းနေတုန်းပဲ”လို့ ပြောပါတယ်။

သေနတ်နဲ့ပစ်ခံရတဲ့ လင်မယားဟာ လမ်း၃၀ ၅၆နဲ့၅၇လမ်းကြားကို ဆိုင်ကယ်စီးလာချိန် နံပါတ်မပါ ဆိုင်ကယ်နဲ့အမျိုးသား၂ဦးက အနောက်မှကပ်ပါလာပြီးသေနတ်အတိုနဲ့ အချက်ရေများစွာ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ နောက်စေ့ ဖောက်ဝင်၁ချက်၊ ဘယ်လက်ညိုးရှပ်ထိ တချက်၊ ဝမ်းဗိုက်ဖေါက်ဝင်တချက်၊ ညာလက်ကောက်ရှက်ထိတချက်၊ အမျိုးသမီးဖြစ်သူက ဘယ်ဘက်ရင်အုပ် ဖောက်ဝင်ဒဏ်ရာတချက်နဲ့ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူ အမျိုးသားဖြစ်သူဟာ အထည်ရောင်းသူ အသက် ၄၃နှစ်ဖြစ်တယ်လို့ သိရပြီး အမျိုးသမီးဖြစ်သူက ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဟိုတယ်တခုရဲ့ ဝန်ထမ်းတဦး အသက် ၃၈နှစ် ဖြစ်တယ်လို့ ကနဦးတွေအရ သိရပါတယ်။

သူတို့နှစ်ဦးကို ဘယ်အဖွဲ့အစည်းက ဘာကြောင့် သေနတ်နဲ့ပစ်သတ်သွားတယ်ဆိုတာကိုတော့ VOMအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မနေ့ ဩဂုတ် ၂၂ရက် မနက်အစောပိုင်းကလည်း မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဈေးတောင်ဘက်မှာ အသက် ၅၀နှစ်ခန့် မြေပွဲစား အမျိုးသားတဦးကို ဆိုင်ကယ်နဲ့လက်နက်ကိုင်လာသူ၂ဦးက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်သွားတာကြောင့် သေဆုံသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသေးတယ်။

မနေ့က နေ့လယ်ပိုင်းကလည်း မန္တလေး-ပြင်ဦးလွင်လမ်း၊ လက်ကောင်းကျေးရွာ၊ ရွှေစင်ကျောင်းတိုက်အနီးမှာ လမ်းလယ်ကျွန်းကိစ္စဆောင်ရွက်နေတဲ့ စည်ပင်ဦးစီးအရာရှိတဦးကို ဆိုင်ကယ်နဲ့လက်နက်ကိုင်ဆောင်ထားသူ၂ဦးက သေနတ်နဲ့(၁) ချက်ပစ်ခတ်သွားတာကြောင့် ဘယ်ရင်အုံ ဖောက်ထွက်ဒဏ်ရာ ၁ချက်နဲ့ သေဆုံးသွားခဲ့သေးတယ်လို့ သိရပါတယ်။

​မန္တလေးမြို့ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းနဲ့ လပိုင်းတွေကလည်း ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့လို့ အုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတွေ ထိခိုက်ဒဏ်ရာရသူနဲ့ သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW