ကျိုက်လတ်မှာ မြန်မာ့စီးပွားရေးဘဏ် ဓားပြတိုက်ခံရ

သြဂုတ်၊ ၂၄-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း ၊ ကျိုက်လတ်မြို့မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်ဟာ ဒီကနေ့ သြဂုတ် ၂၄ ရက် နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ရာနဲ့ချီပါသွားတယ်လို့ ဘဏ်အသိုင်းအဝိုင်းကနေ သိရပါတယ်။

မျက်နှာဖုံးတွေစွပ်ထားတဲ့ အမည်မသိ လူ ၇ ဦးကနေ ကားပေါ်ကဆင်းလာပြီး သေနတ်ထောက်ကာ ပိုက်ဆံတွေထည့်ခိုင်းပြီးတော့ ထွက်ပြေးသွားတာဖြစ်တယ်လို့ သိရပါတယ်။

”လူ ၇ ဦးပါတဲ့အဖွဲ့ပါ ကား ၁ စီးနဲ့ရောက်ရှိလာပြီး ဓားပြတိုက်သွားတာ၊ လူတွေကိုတော့ ဘာမှမလုပ်သွားဘူး ၊ကြောက်တော့ ပိုက်ဆံတွေထည့်ပေးလိုက်တာ ၊ သိန်း ၅၀၀လောက်လို့တော့ သိရတယ်၊ အခု CCTV တွေနဲ့ တိုက်စစ်ဆေးနေတယ် ၊ သူတို့ ၇ ယောက်လုံးက မျက်နှာဖုံးတွေစွပ်ထားကြတယ်။ ”လို့ အဲ့ဒီဘဏ်အသိုင်းအဝိုင်းနဲ့နီးစပ်သူတဦးကပြောပါတယ်။

အဲ့ဒီဘဏ် ဓားပြတိုက်မှုဖြစ်ပွားပြီးတော့ ကျိုက်လတ်မြို့ပေါ်နဲ့ မြို့အဝင်၊အထွက်ဂိတ်တွေမှာ လုံခြုံရေးတွေက ပိတ်ဆို့ စစ်ဆေးတာတွေလုပ်နေပြီး ဘဏ်နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ CCTV တွေကိုလည်း စစ်ဆေးနေတယ်လို့သိရပါတယ်။

ဘဏ်ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သတ်လို့ ဒေသခံတွေနဲ့ ဘဏ်ဝန်ထမ်းအသိုင်းအဝိုင်းက ဟုတ်မှန်တယ်လို့ အတည်ပြုပြောဆိုပြီး ပိုက်ဆံတွေ ဘယ်လောက်ပါသွားတယ်၊ ဓားပြတိုက်တဲ့သူတွေကိုခြေရာခံမိလား သက်ဆိုင်ရာဘဏ်နဲ့ လုံခြုံရေးတာဝန်ရှိသူတွေဆီ ဆက်သွယ်ပေမယ့် လက်တလောထိတော့ ဆက်သွယ်လို့မရသေးပါဘူး။

တခြား မြို့တွေမှာတော့ ဘဏ်ဓားပြတိုက်ခံရတာတွေ မကြာခဏဖြစ်ပေါ်နေပေမယ့် ကျိုက်လတ်မြို့မှာတော့၂၀၂၁ခုနှစ် ဖေဖော်၀ါရီ ကနေ ၂၀၂၂ခုနှစ် သြဂုတ် ၂၄ ရက်အထိ အခုလို ဘဏ်ဓားပြမှုဖြစ်ပွားတာဟာ ပထမဆုံးဖြစ်စဉ် ဖြစ်ပွားတာလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ကျိုက်လတ်

Related posts

Leave a Comment

VOM News

FREE
VIEW