စစ်ကိုင်းတိုင်းမှာ ၁၈ လအတွင်း ပရဟိတသမား ၅၀ ကျော် ဖမ်းဆီးခံထားရ

သြဂုတ် ၊ ၂၄ ၊ ၂၀၂၂
SP( VOM)

ပြီးခဲ့တဲ့ ၁၈ လတာ ၊ ကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက လူမှုကူညီရေးနဲ့ နာရေးကိစ္စတွေကို အခမဲ့ ကူညီဝန်ဆောင်မှုပေးနေတဲ့ ပရဟိသမား ၅၀ ကျော်ကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရတဲ့အထဲက ပြန်လွတ်လာတဲ့သူ တချို့ရှိသလို ၊ အမှုဖွင့်အရေးယူခံရပြီး ဒီကနေ့အထိ အဆက်သွယ်မရတဲ့သူတွေလည်း ရှိတယ်လို့ စစ်ကိုင်းတိုင်းအခြေပြု လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မြို့နယ်ပေါင်း ၂၀ ကျော်မှာ ဝန်ဆောင်မှုပေးနေတဲ့ ပရဟိတသမား ၅၀ ကျော် ဖမ်းခံရပြီးနောက်ပိုင်း အခုထိ အဆက်အသွယ်ပြတ်တောက်နေတယ် ၊ ဘာကြောင့် ဖမ်းထားတယ်ဆိုတာ မသိရဘူး “လို့ ဒေသခံပရဟိတသမားတယောက်က ပြောပါတယ်။

မုံရွာမြို့ခံ ပရဟိတသမား တယောက်ကလည်း ” ပြီးခဲ့တဲ့နှစ် ၂၀၂၁ ဖေဖော်ဝါရီထဲမှာ မုံရွာမြို့ပေါ်က သုခဟိတ ၊ ဒေဝဂတိ နဲ့ ကရုဏာမြင့်မိုရ် အဲ့ဒီလူမှုကူညီရေး အသင်း ၃ သင်းက ပရဟိတသမား ၂၀ ကျော် အရင်ဆုံး ဖမ်းခံရတယ် ၊ ၁ ပတ်အကြာမှာ ပြန်လွှတ်ပေးတယ် ၊ အဲ့ဒီနောက် ၁ ယောက်စ ၊ ၂ ယောက်စ ဖမ်းခံရတဲ့သူတွေ များလာတယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ပေါ်က ပရဟိတသမား ၄ ယောက်ကို အသင်းရုံးလာခေါ်ပြီး ဖမ်းသွားတယ် “လို့ ပြောပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ပရဟိတသမားဆိုပြီး ဖမ်းတာတော့ မရှိဘူး ၊ လူမှုကူညီရေးလုပ်ငန်း အဝန်းအဝိုင်းထဲက အကြမ်းဖက်မှုနဲ့ ဆက်နွယ်နေသူတွေကို ဖမ်းတာတော့ရှိတယ် ၊ စစ်ဆေးပြီး ဆက်သွယ်တာ မရှိဘူးဆိုရင် ပြန်လွှတ်ပေးတယ် ၊ စစ်ဆေးပေါ်ပေါက်လို့ ရှိရင် အရေးယူတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၀ ဝန်းကျင်က လူမှုကူညီရေးအသင်းအဖွဲ့ ပေါင်း ၄၀ ကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ၁၈ လအတွင်းမှာ အလှူရှင်နည်းပါးလာတာ ၊ စက်သုံးဆီစျေးနူန်း မြင့်လာတာ ၊အချိန်ပေးပြီး လုပ်ကိုင်ပေးမယ့်သူ နည်းပါးလာတာကြောင့် အသင်းအဖွဲ့ပေါင်း ၂ ဒါဇင်ကျော်ဝန်းကျင်ဟာ ယာယီရပ်နားထားရပြီး မုံရွာမြို့ရဲ့ နာရေးနဲ့လူမှုကူညီရေးလုပ်ငန်းတွေကို ကျန်တဲ့အသင်းအဖွဲ့ ၁ ဒါဇင်လောက်က ဒိုင်ခံ လုပ်ပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကိုင်းခရိုင် ၃ မြို့နယ် ၊ မုံရွာခရိုင် ၄ မြို့နယ် ၊ ရေဦးခရိုင် ၃ မြို့နယ် ၊ ရွှေဘိုခရိုင် ၃ မြို့နယ် ၊ ယင်းမာပင်ခရိုင် ၄ မြို့နယ် နဲ့ ကလေးခရိုင် ၃ မြို့နယ် အပါအဝင် ကသာခရိုင် ၃ မြို့နယ်ဘက်တွေမှာလည်း ပရဟိတသမားတချို့ ဖမ်းဆီးခံထားရပြီး ဆက်သွယ်မရဘူးလို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW