ထိုင်းအာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ်ချန်အိုချာကို ရာထူးမှဆိုင်းငံ့ထားဖို့ တရားရုံးဆုံးဖြတ်

ဘန်ကောက်၊ သြဂုတ်-၂၄-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ ရာထူးသက်တမ်း ရှစ်နှစ်ပြည့်သွားပြီဖြစ်တဲ့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာကို ရာထူးကနေဆိုင်းငံ့ဖို့ သြဂုတ် ၂၄ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။

ထိုင်းအတိုက်အခံပါတီတွေဟာ ၀န်ကြီးချုပ်ပရာယွတ်ရဲ့ ရာထူးသက်တမ်း ပြည့်သွားပြီဖြစ်တာကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆိုမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးကို တင်သွင်းခဲ့ပါတယ်။

ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀န်ကြီးချုပ်တွေကို ရာထူးသက်တမ်း ရှစ်နှစ်သာကန့်သတ်ထားပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့ပြီး သြဂုတ်လမှာ အာဏာသိမ်းအစိုးရရဲ့ ၀န်ကြီးချုပ်အဖြစ် တာ၀န်ယူခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာတော့ အာဏာသိမ်းအစိုးရကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ၀န်ကြီးချုပ်ရာထူးကို ထပ်မံ ရယူခဲ့သူဖြစ်ပြီး လက်ရှိချိန်မှာတော့ သူရဲ့ရာထူးသက်တမ်းကုန်ဆုံးပြီလို့ အတိုက်အခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နောက်ဆုံးစီရင်ချက်ချဖို့ရှိနေသေးပေမယ့် ပြန်လည်သုံးသပ်မှုတွေလုပ်ဆောင်နေချိန်မှာ ၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးကနေ ဆိုင်းငံ့ဖို့ တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။

ရာထူးကနေ ဆိုင်းငံ့ထားဖို့ကိစ္စကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးရဲ့ တရားသူကြီး ကိုးဦးမှာ ငါးဦးကထောက်ခံခဲ့တာဖြစ်ပါတယ်။

ပရာယွတ်ချန်အိုချာ ရာထူးဆိုင်းငံ့ခံထားရချိန်မှာ စစ်တပ်အကြီးအကဲဟောင်းဖြစ်သူ အသက် ၇၇ နှစ်အရွယ် ဒုတိယ၀န်ကြီးချုပ် ပရာ၀ပ်၀န်ဆူ၀မ်က ယာယီ၀န်ကြီးချုပ်အဖြစ် တာ၀န်ထမ်းဆောင်ဖွယ်ရှိနေပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW