မုံရွာ-သာစည်-အရာတော်ကားလမ်းမှာ ၁၂ ဘီးကား ၂ စီး လုယက်ခံရပြီး ၊ ကားသမားတွေ ပျောက်ဆုံးနေ

သြဂုတ် ၊ ၂၄-၂၀၂၂
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ကံပြားကြီးကျေးရွာအနီး မုံရွာ-သာစည်-အရာတော်-ရွှေဘိုကားလမ်းမှာ မနေ့ သြဂုတ် ၂၃ ရက် ၊ ညနေပိုင်းက ၊ ဆောက်လုပ်ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ ၁၂ ဘီးကုန်တင်ကား ၂ စီးဟာ လုယက်ခံရတာကြောင့် ကားပေါ်ပါ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ ကားသမားတွေ ပျောက်ဆုံးနေတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ဆောက်လုပ်ရေး လုပ်ငန်းသုံး ၊ သံပင်တွေသယ်လာတဲ့ ၁၂ ဘီးကား ၂ စီး အလုခံရတာပါ ၊ ၁၈ မီလီမီတာ ဆိုက်နဲ့ ၁၆ မီလီမီတာ ဆိုက် သံပင်တွေ ကား ၁ စီးကို ၁၀ တန်ပါတယ် ၊ ကား ၂ စီးဆိုတော့ တန် ၂၀ အလုခံရတာဖြစ်တယ် ၊ ကားသမားတွေနဲ့ အဲ့ဒီ သံပင်တွေ ပျောက်နေတယ် “လို့ မုံရွာမြို့ခံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်လို့ မုံရွာမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒီမနက်ပိုင်းက အဲ့ဒီ ကုန်တင်ကား ၂ စီးကို ပြန်တွေ့ရတယ် ၊ ကံပြားကြီးရွာနဲ့ တဲကြီးကုန်းရွာအကြား ရေကျော်နားလေးမှာပါ ၊ ကားတွေသာ ပြန်တွေ့ရတာဖြစ်ပြီး ၊ ကားပေါ်ပါ ပစ္စည်းတွေနဲ့ ကားသမားတွေကိုတော့ ပြန်တွေ့ရတာ မရှိသေးဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း တမူးမြို့နယ် ၊ တမူ – စေတီ ကားလမ်းမှာ ၆ ဘီးယာဥ် ကုန်တင်ကား ၁ စီး လုယက်ခံရပြီး ကားပေါ်ပါ စက်သုံးဆီ (ဒီဇယ်) ပေပါတွေ ပါသွားတယ်လို့ သိရပါတယ်။

” ကုန်တင်ကားတွေ ဓားပြတိုက် လုယက်ခံရတဲ့ လမ်းကြောင်းတွေက ရွှေဘို-မြစ်ကြီးနား အဝေးပြေးလမ်း ၊ ကလေး ၊ ကလေးဝ-တမူး လမ်းနဲ့ တမူး -စေတီ-ဟုမ္မလင်း လမ်းတွေမှာ အဖြစ်များတယ် ၊ အဲ့ဒီအပြင် ခရီးတိုလမ်းပိုင်းတွေမှာလည်း ဓားပြတိုက် လုယက်ခံရတာတွေရှိတယ် ” လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အခုသြဂုတ်လ ၆ ရက်နေ့က ကလေး-ကလေးဝ တမူး ကားလမ်းပေါ်က တမူးမြို့နယ် ၊ နန့်မွန်းတာကျေးရွာနားမှာ ရွှေတံခွန် ကုန်စည်ပို့ဆောင်ရေး အသင်းက ၁၂ ဘီးကား ၁ စီးပေါ်က ကုန်စည်တွေ လုယက် ဓားပြတိုက်ခံရပြီး ကားပေါ်ပါ ကုန်ပစ္စည်းတွေ လုယက်ခံရတာ ဖြစ်ပွားခဲ့ပါတယ်။

အခုလ ၁ ရက်နေ့ ၊ ညနေပိုင်း ၃ နာရီဝန်းကျင်က တမူးခရိုင် ၊ မြို့သစ်မြို့နယ်ခွဲ ၊ တမူး မြို့သစ်ကားလမ်း ၊ ဆရာစံကျေးရွာနားမှာ ဦးဖိုးပြား ဆိုတဲ့သူ မောင်းနှင်လာတဲ့ ကား ၁ စီးကို ကုန်ပစ္စည်းတွေရော ကားပါ လုယက်ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။

အခုလ ၅ ရက်နေ့ ညနေပိုင်း ၇ နာရီဝန်းကျင်ကလည်း ရွှေဘိုခရိုင် ၊ ခင်ဦးမြို့နယ် ၊ မြစ်တော်ကျေးရွာနားမှာ ဦးဖိုဇော်နဲ့ ဦးမိုးမြင့် မောင်းနှင်လာတဲ့ ယာဥ် ၂ စီး လုယက်ခံရပြီး ယာဥ်ပေါ်ပါ ပစ္စည်းတွေနဲ့အတူ ယာဥ်ပါ လုယူဓားပြတိုက်ခံရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီး ကျေးရွာနားက ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ ဘိလပ်မြေအိတ် ၇ ရာ တင်ဆောင်လာတဲ့ နောက်တွဲယာဥ် တွဲကား ၁ စီး ကားရောပစ္စည်းပါ လုယက်ခံရတာ ဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဖြစ်စဥ် မဖြစ်ခင် ရက်ပိုင်းအလိုကလည်း အဲ့ဒီနေရာမှာ စက်သုံးဆီတွေ သယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လုယူဓားပြတိုက်ခံရတာကြောင့် ကားသမား ၁ ဦး သေဆုံးကာ ၊စပယ်ယာ ဖြစ်သူ ပျောက်ဆုံးနေတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW