အရာတော်က မြို့နယ်စည်ပင် ဦးစီးအရာရှိ အမျိုးသမီး ပစ်သတ်ခံရ

သြဂုတ် ၊ ၂၅ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့၊ အမှတ် ၁ ရပ်ကွက် ၊ အောင်မဂ်လာနယ်မြေ ၊ မုံရွာ အရာတော်ကားလမ်းမှာ မနေ့ သြဂုတ် ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က မြို့နယ်စည်ပင်အမှုဆောင် ဦးစီးအရာရှိအမျိုးသမီးကို အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ပစ်သတ်သွားတယ်လို့ အရာတော်မြို့ခံတွေဆီက သိရပါတယ်။

” စည်ပင် အမှုဆောင်အရာရှိ ဒေါ်ဝါဝါဆွေ ၄၃ နှစ်ဟာ အောင်မင်္ဂလာနယ်မြေမှာရှိတဲ့ မြို့ရေပေးဝေးရေး စက်ရုံလမ်းကို ကွန်ကရစ်ခင်းဖို့အတွက် ဆာဗေးသွားလုပ်ပြီး ဝန်ထမ်း၂ယောက်နဲ့ ပြန်လာတဲ့အချိန် လမ်းမှာ အမည်မသိ လူ ၂ ယောက်က သေနတ်နဲ့ပစ်တယ် ၊ ဒေါ်ဝါဝါဆွေ လဲကျသွားတဲ့အခါ ဓားနဲ့ဝင်ခုတ်တယ် ၊ အဲ့ဒါကြောင့် အခင်းဖြစ်တဲ့နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်တယ် “လို့ အရာတော် စည်ပင်အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ လူသတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး အရာတော်မြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဒေါ်ဝါဝါဆွေ လည်ပင်းမှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်နဲ့ အခင်းဖြစ်ရာမှာ သေဆုံးခဲ့ပြီး ဒေါ်ဝါဝါဆွေနဲ့ အတူပြန်လာတဲ့ ကျန် ဝန်ထမ်း၂ ဦးကတော့ ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးနိုင်တာကြောင့် ထိခိုက်ဒဏ်ရာရတာ မရှိဘူး ၊ မှုခင်းဆေးပညာအရ စစ်ဆေးခံပြီးရင် အမှုဖွင့် အရေးယူမှာပါ ” လို့ ပြောပါတယ်။

မနေ့သြဂုတ် ၂၄ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေး-တာဟန်းလမ်းဘေးမှာရှိတဲ့ ကလေးယာဥ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးက ရဲတပ်သား မောင်မြင့်မော် ဆိုသူ ရုံးရှေ့လမ်းတဖက်မှာရှိတဲ့ ကုန်စုံဆိုင်ကနေ စျေးဝယ်ပြီးအပြန် ကားပေါ်ကနေ သေနတ်နဲ့ပစ်ခတ်သွားတဲ့အတွက် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရပြီး သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အရာတော် #စည်ပင်အမျိုးသမီးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW