ပခုက္ကူ ချည်မျှင်နဲ့အထည်ချုပ်စက်ရုံက ဗိုလ်မှူးလင်မယား ပစ်သတ်ခံရ

သြဂုတ် ၊ ၂၆ ၊ ၂၀၂၂
SP( VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့၊ မြို့သစ်ရပ်ကွက်မှာရှိတဲ့ အမှတ် ၅ ရွှေတန်းတင့် ချည်မျှင်နဲ့ အထည်ချုပ်စက်ရုံကို ဒီကနေ့ မနက်အစောပိုင်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်ပစ်ခတ်တာကြောင့် စက်ရုံတာဝန်ကျ ဗိုလ်မှူးလင်မယား သေဆုံးသွားပြီး စက်ရုံက ကား ၁ စီးလည်း ပျောက်ဆုံးနေတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။

” ဒီမနက် အစောပိုင်း ၆ နာရီဝန်းကျင်က ဖြစ်တာပါ ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့က စက်ရုံထဲ ဝင်ပစ်တဲ့အတွက် ဗိုလ်မှူး အောင်ဇော်ဦး မိန်းမက နေရာမှာတင် သေဆုံးတယ် ၊ ဗိုလ်မှူးကတော့ ဆေးရုံရောက်ပြီး အချိန်အတော်ကြာမှ သေဆုံးတယ်လို့ ကြားရတယ် ၊ နောက်ပြီး စက်ရုံထဲက ကား ၁ စီးလည်း ပျောက်ဆုံးနေတယ် “လို့ ပခုက္ကူမြို့ခံ တယောက်က ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဖြစ်စဥ် ဖြစ်ပွားနောက်ပိုင်း မိနစ်ပိုင်းအတွင်း လူနာတင်ယာဥ် ၂ စီးနဲ့ စစ်ကား ရဲကားတွေဟာ အဲ့ဒီ ပခုက္ကူ ချည်မျှင်နဲ အထည်ချုပ်စက်ရုံထဲကို ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

” ပခုက္ကူမှာက ချည်မျှင်စက်ရုံ ၂ ခုရှိတယ် ၊ အရပ်အခေါ်ကတော့ ရွှေတန်းတင့် ချည်မျှင်စက်ရုံနဲ့ ချောက်ကန် ချည်မျှင်စက်ရုံလို့ ခေါ်တယ် ၊ အစိုးရပိုင် စက်ရုံတွေဖြစ်တယ် ၊ အခုဖြစ်တာက ရွှေတန်းတင့် စက်ရုံမှာဖြစ်တာပါ ၊ ပခုက္ကူမြို့ဧရိယာထဲမှာလို့ ပြောလို့ရတယ် ၊ မနှစ်ကလည်း အဲ့ဒီရပ်ကွက်မှာ ရာအိမ်မှူး ၁ ယောက် ပစ်သတ်ခံရပြီးပြီ “လို့ ပခုက္ကူ စက်မှုလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ မြို့သစ်ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူး တယောက် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့နယ် ၊ ပန်းတိုင်းခြုံ ကျေးရွာနားက ပန်းတိုင်းခြုံ အထည်ချုပ်စက်ရုံဝန်ထမ်းတွေအတွက် လစာငွေထုတ်ပြီးသယ်ယူလာတဲ့ကားဟာ ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက် ၊ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ကားပေါ်မှာပါလာတဲ့ ပိုက်ဆံ သိန်း ၂ ထောင်ကျော် ပါသွားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပခုက္ကူ

Related posts

Leave a Comment

VOM News

FREE
VIEW