လာမယ့်နှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ် ထိုင်၀မ်သမ္မတ အဆိုပြု

တိုင်ပေ၊ သြဂုတ်-၂၆-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ ဖိအားတွေမြင့်တက်နေချိန်မှာ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်ပမာဏထိ ထိုင်၀မ်သမ္မတဆိုင်အင်း၀မ်က အဆိုပြုထားပါတယ်။

လာမယ့်နှစ်အတွက် အထွေထွေဘက်ဂျက်ကို သြဂုတ် ၂၅ ရက်ကပြုလုပ်တဲ့ ၀န်ကြီးအဖွဲ့အစည်းအဝေးမှာ အတည်ပြုခဲ့ပြီး ဒီထဲကမှ ဒေါ်လာ ၁၉ ဒသမ ၄ ဘီလီယံရှိတဲ့ ကာကွယ်ရေးအသုံးစရိတ်ကို သမ္မတက အဆိုပြုထားတာဖြစ်ပါတယ်။

အဲဒီကာကွယ်ရေးအသုံးစရိတ်ဟာ ယခုနှစ်အသုံးစရိတ်ထက် ၁၃ ဒသမ ၉ ရာခိုင်နှုန်း ပိုမိုများပြားပြီး လာမယ့်နှစ်အတွက် ထိုင်၀မ်ဂျီဒီပီရဲ့ ၂ ဒသမ ၄ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။

အဆိုပြုထားတဲ့ ကာကွယ်ရေးအသုံးစရိတ်ထဲမှာ အဆင့်မြင့် F-16V တိုက်လေယာဉ်တွေ၀ယ်ယူဖို့ ၊ ဒုံးကျည်တွေနဲ့ အခြားစစ်သုံးပစ္စည်းတွေ အမြောက်အများထုတ်လုပ်ဖို့တွေ ပါ၀င်နေပါတယ်။

ကျွန်းအနီးမှာ တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာတာချိန်မှာ စစ်လေယာဉ်နဲ့ သင်္ဘောတွေ တိုးမြှင့်ချထားဖို့ လိုအပ်တာကြောင့် ကာကွယ်ရေးအသုံးစရိတ်တောင်းခံမှု ပိုမိုများပြားလာတာဖြစ်တယ်လို့ တာ၀န်ရှိသူတဦးကပြောပါတယ်။

တရုတ်နိုင်ငံဟာ ယခုလအစောပိုင်းမှာ ထိုင်၀မ်အနီးမှာ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး တရုတ်စစ်လေယာဉ်တွေဟာ ရေလက်ကြားမှာရှိတဲ့ အလယ်မျဉ်းကိုဖြတ်ကျော်၀င်ရောက်ခဲ့ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW