မိုးကောင်းမြို့မှာ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးပစ်ခံရပြီး ညစောင့်အမျိုးသမီး ၂ ဦးသေဆုံး

သြဂုတ်၂၇ ၊ ၂၀၂၂
SP(VOM)

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်းကို မနေ့ သြဂုတ် ၂၆ရက် ည၁၀ နာရီဝန်းကျင်က မိုးကြိုးပစ်ခံရပြီး အဲ့ဒီဆိုင်မှာ ညစောင့်တာဝန်ကျတဲ့ အရောင်းစာရေးမ ၂ ဦး သေဆုံးသွားတယ်လို့ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဆီက သိရပါတယ်။

” ကချင်ပြည်နယ်မှာက မုန်းတိုင်းသတိပေးချက်ထုတ်ထားတယ် ၊ မနေ့က ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာတယ် ၊ မိုးကြိုးပစ်တာတွေရှိတယ် ၊ မိုးကောင်း ၊ ဖိုးချစ်ကုန်းရပ်က ၊ ငွေချမ်းမြေ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးထိမှန်ပြီး ဆိုင်ကယ်တွေ ပေါက်ကွဲ မီးလောင်ကုန်တယ် ၊ အဲ့ဒီ မိုးကြိုးထိ မီးလောင်ပေါက်ကွဲတဲ့အထဲမှာ ဆိုင်ညအစောင့်တာဝန်ကျ အရောင်းစာရေးမ ၂ ဦး သေဆုံးတယ် ၊ ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်ရပြီး ကျန် ၁ ဦးရဲ့ အလောင်းကိုတော့ အပျက်အစီးတွေကြားမှာ ဒီမနက်အထိ ရှာဖွေနေတုန်းဖြစ်တယ် ” လို့ မိုးကောင်းမြို့နယ်မီးသတ်ဦးဌာနမှ တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

မိုးကြိုးထိမှန်ပြီး ဆိုင်ကယ်တွေ ပေါက်ကွဲ မီးလောင်ခဲ့အတွက် ဆိုင်ကယ်တွေနဲ့ စက်ပစ္စည်းတွေအပြင် ဆိုင်တခုလုံး မီးလောင်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှု ကာလခန့်မှန်းတန်ဖိုးကို စီစစ်တွက်ချက်နေပေမယ့် ဒီကနေ့ မနက်ပိုင်းအထိတော့ ဆုံးရှုံးမှုတန်ဖိုး အဖြေထွက်မလာသေးဘူးလို့သိရပါတယ်။

မိုးကြိုးထိမှန်သေဆုံးသူ ၂ ဦးနဲ့ပတ်သက်ပြီးတော့ မိုးကောင်းမြို့နယ်ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့်ဆောင်ရွက်ထားတယ်လို့ ရဲအသိုင်းအဝိုင်းဆီက သိရပါတယ်။

” တနိုင်ငံလုံးအနေနဲ့ မိုးကြိုးပစ်တဲ့ ဖြစ်စဥ် အကြိမ်ရေ ၃၅ ကြိမ်ရှိတယ် ၊ မိုးကြိုးထိမှန်ပြီး သေဆုံးသူက ၄၀ ယောက် ၊ ဒဏ်ရာရလို့ ဆေးကုသခံနေရသူက ၉ ဦးရှိတယ် “လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ညွန်ကြားရေးမှူးရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

အဲ့ဒီ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်တွေကနဲ့ နှိုင်းရင် ဒီနှစ် ဧပြီနဲ့မေ ၂ လအတွင်း ဖြစ်ပွားမှုနူန်းက ပိုများလာတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် မိုးကြိုးဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးမှုတွေ ကျယ်ပြန့်စွာ လုပ်ဆောင်ပေးဖို့ လိုအပ်နေတယ်လို့ မိုးကောင်းမြို့ခံတဦးက ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ကြောင့် မိုးကြိုးထိမှန် သေဆုံးသူ ၁ ဦးကို ထောက်ပံ့ကြေးငွေ ၃ သိန်းကျပ် ၊ ဆေးကုသနေတဲ့ ဒဏ်ရာရသူ ၁ ဦးကို ၅ သောင်းကျပ် နူန်းနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထောက်ပံ့ပေးတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ နှစ်စဥ် မိုးကြိုးထိမှန်သေဆုံးသူတွေနဲ့ ဒဏ်ရာရ ဆေးကုသရသူတွေကို ပုံမှန်နူန်းထား ၃ သိန်း နဲ့ ၅ သောင်း ထောက်ပံ့ပေးရာ နှစ်စဥ် ထောက်ပံ့ရတဲ့ ငွေပမာဏဟာ သိန်း ၂ ရာကျော်ကနေ သိန်း ၅ ရာအတွင်း ကုန်ကျတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မိုးကောင်း #မိုးကြိုးပစ် #အမျိုးသမီးနှစ်ဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW