ရပ်ကွက်ထဲက အပေါင်ဆိုင်တွေမှာ အတိုးနူန်းတွေ မြင့်တက်လာပေမယ့် ပေါင်နှံသူတွေ များနေဆဲ

သြဂုတ် ၊ ၂၇ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲက အပေါင်ဆိုင်တွေဟာ ဒီလ ၂၀ ရက်နောက်ပိုင်းကစလို့ ပေါင်နှံပစ္စည်းတွေပေါ် မူတည်ပြီး အတိုးနူန်း မြင့်တက်လာတယ်လို့ ကုန်စိမ်းစျေးသည်တွေဆီက သိရပါတယ်။

” စျေးသည်နဲ့ ငွေတိုးဆိုတာ မကင်းကြဘူးလေ ၊ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ကစလို့ ငွေအလွတ်ချေးပေးတာ မရှိတော့ဘူး ၊ ပစ္စည်းပါမှ ငွေချေးပေးတာတွေဖြစ်လာတယ် ၊ အရပ်ထဲက အပေါင်ဆိုင်တွေက အတိုးနူန်းမြင့်လို့ အမိန့်ရဆိုင်တွေကို သွားပေါင်တယ် ၊ သူတို့လည်း အတိုးနူန်းစျေးတွေ တက်လာတယ် ၊ အဲ့ဒါကြောင့် ငွေလိုတဲ့သူတွေက ပစ္စည်းကို ပေါင်နှံတာထက် အပြတ်ရောင်းကြတာများလာတယ် “လို့ မုံရွာ ကန်သာယာစျေးက ကုန်စိမ်းစျေးသည်တယောက်က ပြောပါတယ်။

မုံရွာမြို့ ၊ သာစည်လမ်း ၊သာစည်စျေးက ပန်းသည်တယောက်က ” အရင်က ရွှေထည်ပစ္စည်း ပေါင်နှံတယ်ဆိုရင် အတိုးနူန်းက ၂ ကျပ် ၊ ၂ကျပ်ခွဲဆိုတာ အလွန်ဆုံးပဲ အခုမရတော့ဘူး ၊ ၃ ကျပ်အောက်ခံရှိတယ် ၊ တချို့ဆိုရင် ၃ ကျပ်ခွဲ ၄ ကျပ်အထိယူတာတွေရှိတယ် ၊ ရွှေချိန်များပြီး ငွေအမောင့်များရင်တော့ ၂ ကျပ်ခွဲလောက် ယူတဲ့သူတွေ အနည်းစုလောက်ပဲရှိတာ “လို့ ပြောပါတယ်။

မုံရွာမြို့၊ နန္ဒဝန် ၊ ထန်းတော ၊ စက်မှုဇုန် ၊ မြဝတီ စတဲ့ ရပ်ကွက်တွေမှာ အပေါင်ခံ ငွေချေးလုပ်ငန်း ၊ လုပ်ကိုင်နေသူ တယောက်က ” စက်ပစ္စည်းဖြစ်တဲ့ ကားတို့ ၊ ဆိုင်ကယ်တို့ ပစ္စည်းပါတယ်ဆိုရင် အတိုးနူန်းက ၅ ကျပ်နဲ့ ၁၀ အကြားမှာရှိတယ် ၊ ယူတဲ့ ငွေပေါ် မူတည်တယ် ၊ လျှပ်စစ်ပစ္စည်းကြတော့ အမျိုးအစား ၂ မျိုးခွဲထားတယ် ၊ လူသုံးကုန်ပစ္စည်းဖြစ်တဲ့ ဖုန်း ၊ ဒယ်နီ ၊ ထမင်းပေါင်းအိုး ၊ အဝတ်လျော်စက် ၊ ကေခဲသေတ္တာ ၊ တီဗီတို့ဆိုရင် အတိုးနူန်းက ၁၄ ကျပ် ၊ ၁၅ ကျပ်ဝန်းကျင်ရှိတယ် ၊ လုပ်ငန်းသုံး လျှပ်စစ်ပစ္စည်းဆိုရင် ဥပမာ ဂဟေပုံး ၊ သံဖြတ်စက် ၊ လက်ကိုင်ကျောက်စက်တို့ စတာတွေကြတော့ အတိုးနူန်းက ၁၀ ဝန်းကျင်ပေါက်တယ် ၊ အိမ်ဝန်းခြံမြေကြတော့ ၆ လထိပဲထားမယ်ဆိုရင် ၅ ကျပ်နဲ့ ၁၀ ကြားယူတယ် ၊ ၁ နှစ်စာချုပ်နဲ့ပေါင်တယ်ဆိုရင် ၃ ကျပ်နဲ့ ၅ ကျပ်ကြားဖြစ်တယ် ၊ ငွေကြေးရှားပါးလာပြီး ငွေလည်ပတ်မှု တုန့်ဆိုင်နေတာကြောင့် အတိုးနူန်းကို မျှယူရတာ “လို့ ပြောပါတယ်။

သုံးဘီး အငှားယာဥ်မောင်းတဦးကလည်း” အတိုးနူန်းတွေက အရင်ကထက် ၂ ဆနီးပါး မြင့်တက်လာတယ် ၊ လောင်းကစားသမားတွေအတွက် အဲ့ဒီ အတိုးနူန်းဟာ အရေးမကြီးပေမယ့် ၊ ကျန်းမာရေးကိစ္စနဲ့ စျေးရင်းလုပ်ရတဲ့သူတွေအတွက်တော့ အထိနာစေတယ် ၊ ဘဏ်ငွေထုတ်ရတာ ခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အတိုးနူန်း စျေးမြင့်တက်ယူတာဟာ လက်လုပ်လက်စားတွေရဲ့ဘဝကို ဖိနှိပ်ရာ ရောက်စေတယ် ၊ အဲ့ဒါကြောင့် သက်ဆိုင်ရာက အတိုးနူန်း သက်သာစွာနဲ့ ငွေချေးလုပ်ငန်းတွေ လုပ်ပေးစေချင်တယ် “လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ မြို့ပြလူနေရပ်ကွက် ၃၁ ရပ်ကွက်တည်ရှိပြီး ၊ ရပ်ကွက်တိုင်းမှာ အပေါင်ဆိုင်တွေနဲ့ အဟောင်းပစ္စည်း ဝယ်ရောင်းဆိုင်တွေရှိနေပြီး အဲ့ဒီဆိုင်တွေဟာ အတိုးနူန်းမြင့်တက်လာပေမယ့် ဒီကနေ့အထိ အလုပ်ဖြစ်နေဆဲ ရှိတယ်လို့ သိရတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW