ကော့ကရိတ်မှာ ညနေ ၆ နာရီနောက်ပိုင်း လမ်းမပေါ်ထွက်ခွင့်ပိတ်လိုက်လို့ လက်လုပ်လက်စားတွေနဲ့ ပရဟိတသမားတွေ အခက်အခဲဖြစ်

ဩဂုတ် ၃၁-၂၀၂၂
VOM (GG)

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့နယ်ကို ညနေ ၆ နာရီကစပြီး မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ၁၄၄ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မနေ့ ဩဂုတ်၃၀ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အခုလို ညနေ ၆ နာရီအထိသာအပြင်ထွက်ခွင့်ပြုခြင်းဟာ မိသားစု စားဝတ်နေရေးအတွက် နေ့စဥ်လုပ်ကိုင်နေရတဲ့ လက်လုပ်လက်စားသမားတွေအတွက်တော့ ခက်ခဲတဲ့အခြေအနေတွေကို ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

” ညနေ ၆ နာရီကတော့ လွန်သွားပြီလေ၊ကျနော်တို့ အလုပ်သမားတွေ မနက် ၇ နာရီခွဲအရောက်သွားရတယ်၊ ညနေဆို ၅ နာရီ၊ ၅ ခွဲ၊ တခါတလေ ၆ နာရီမှပြန်ရတာရှိတယ်။အဲ့ဒီတော့ ၆ နာရီအိမ်ပြန်မရောက်ဘဲ လမ်းပေါ်ပဲရှိနေသေးရင် ဘယ်လိုဖြေရှင်းရမလဲ။အလုပ်လုပ်နေရင်းတောင် မလောက်ငှတာ “လို့ ကော်ကရိတ်မြို့နယ်က လက်လုပ်လက်စား လုပ်ကိုင်သူတဦးကပြောပါတယ်။

နောက်ပြီး ည ၆ နာရီနောက်ပိုင်းအပြင်ထွက်ခွင့်တားမြစ်ခြင်းဟာ ပရဟိတလုပ်ငန်းလုပ်ကိုငနေတဲ့ လူမှုကူညီရေးအသင်းတွေအတွက်လည်း အခက်အခဲဖြစ်တဲ့အပြင် လူနာတွေအတွက် ထိခိုက်နစ်နာဆုံးရှုံးမှုတွေရှိစေတယ်လို့သိရပါတယ်။

“အရင်က ည ၈ နာရီပေါ့။ အခုက ၂ နာရီရှေ့တိုးသွားတာပေါ့။ဒါပေမယ့် လူတွေဒက္ခရောက်လာရင်တော့ နေလို့မရဘူး အရေးပေါ်ဖြစ်စဥ်အခြေအနေတွေဆိုရင်တော့ ၁ နာရီ ၂ နာရီဆိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုသတင်းပို့ပြီးတော့ ကျနော်တို့ကယ်ဆယ်ရေးလုပ်နေရတာရှိတယ်။အဲ့ဒီလိုတွေလုပ်နေရတော့ လူနာကဆေးရုံရောက်သင့်နေပြီ ရောက်ရမယ့်အချိန်ထက်ကျော်နေ​ ​တယ်။ရောက်ရမယ့်အချိန်မရောက်တာတွေရှိတယ်။ ” လို့ ဒေသခံပရဟိတသမားတဦးကပြောပါတယ်။

ညမထွက်ရ သတ်မှတ်ချိန်အတွင်း အရေးပေါ်လူနာ လမ်းကြောင်းရှိပါက အရင်ဆုံး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ချိတ်ဆက်သတင်းပို့ဆောင်ရွက်ရပြီး ကယ်ဆယ်ရေးလမ်ကြောင်းသွားမယ့် ပရဟိတသမာတွေအတွက် လုံခြုံရေးရှိမှသာ လူနာလမ်းကြောင်းထွက်ခွာရတယ်လို့လည်း ပြောပါတယ်။

သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေကတော့ အခုလို ညမထွက်ရအမိန့်ထပ်မံထုတ်ပြန်တာဟာ အများပြည်သူရဲ့ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး နဲ့ ရပ်ရွာအေးချမ်းသာယာရေးကို မထိခိုက်စေရေးအတွက်ဖြစ်ကြောင်း၊ အမိန့်ထုတ်ပြန်ပြီးနောက် ဒီနေ့ဩဂုတ်လ ၃၁ ရက်ကစပြီး ည နေ ၆ နာရီကစလို့ လမ်းမပေါ်ထွက်ခွင့်မပြုသလို စုဝေးခြင်း၊ ဟောပြောခြင်း၊ စီတန်းလမ်းလျှောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ တိုက်တွန်း ခြင်း၊ ဆန္ဒပြခြင်း၊ ဆူပူခြင်း၊ ရုန်းရင်းဆန်ခတ်ပြုလုပ်ခြင်းတွေ မပြုလုပ်ဖို့ ရေးသားထားပါတယ်။

ကော့ကရိတ် နယ်နိမိတ်အတွင်းမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ဆန္ဒပြမှု၊ လက်လုပ်မိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးခြင်းတွေ ရှိခဲ့ကြောင်း၊ အခုလ ဩဂုတ်လ ၁၅ ရက်နေ့ကလည်း မြို့တွင်း လုံခြုံရေးရယူနေတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့ ၊ စစ်သားအချို့ပစ်ခတ်တိုက်ခိုက်ခံရကာ သေဆုံးခဲ့တာကြောင့် ဆူပူမှုတွေကိုတားမြစ်ပြီး ညမထွက်ရအမိန့်ကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ်ဟာ သြဂုတ်လ ၂၉ ရက်နေ့ညအထိ ညမထွကိရအမိန့်မှာ ည ၈ နာရီကနေ မနက် ၄ နာရီအထိဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ကော့ကရိတ်

Related posts

Leave a Comment

VOM News

FREE
VIEW