လေကြောင်းလိုင်း၂ခုက လက်မှတ်ခကို တဒေါ်လာ ၃၀၀၀ကျပ်နဲ့ ကောက်ခံသွားမယ်လို့ ကြေညာထား

ဩဂုတ် ၃၁-၂၀၂၂
VOM (GG)

မြန်မာနေရှင်နယ်လေကြောင်းလိုင်း MAI နဲ့ Air KBZ လေကြောင်းလိုင်းတွေက လေယာဥ်လက်မှတ်ခပေးချေတဲ့အခါ အမေရိကန် တဒေါ်လာကို ၃၀၀၀ ကျပ် အထက်နူန်းနဲ့ကောက်ခံသွားမှာဖြစ်တယ်လို့ မနေ့ ဩဂုတ်လ ၃၀ ရက်နေ့မှာ တရားဝင်အသိပေးကြေညာထားပါတယ်။

MAI ထုတ်ပြန်ချက်မှာတော့ အရောင်းကိုယ်စားလှယ်တွေရဲ့လေယာဥ်လက်မှတ်ရောင်းချမှုတွေအတွက် USD Deposit ပေးသွင်းခြင်းကို တဒေါ်လာ ၃၀၀၀ ကျပ်နဲ့ညီမျှတဲ့ ကျပ်ငွေ ဒါမှမဟုတ် နဲ့ mobile banking စနစ်နဲ့ပေးသွင်းရမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

” လက်မှတ်ခကို မြန်မာငွေနဲ့ချေလို့ရတယ်။ချေရင် တဒေါ်လာကို ၃၀၃၀ လောက်တော့အနည်းဆုံးရှိမယ်။လက်မှတ်ဝယ်တဲ့အခါ ငွေချေမယ်ဆိုရင် ကျသင့်တဲ့ပမာဏအတိအကျ ပြပါတယ်။အဆင်ပြေရင်ငွေချေလို့ရတယ် ပယ်ဖျက်လို့ရပါတယ် ” လို့ MAI က ဝန်ထမ်းတဦးကရှင်းပြပါတယ်။

Air KBZ ကတော့ ဒီနေ့ သြဂုတ် ၃၁ ရက်ကစပြီး အမေရိကန် တဒေါ်လာကို ၃၀၅၀ ကျပ်နဲ့ ကောက်ခံမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အခုလို လေကြောင်းလိုင်းတွေအနေနဲ့ ဗဟိုဘဏ်သတ်မှတ်နူန်း တဒေါ်လာ ၂၁၀၀ ထက်ပိုပြီး လုပ်ဆောင်မယ့်အကြောင်း တရားဝင်ကြေညာတာဟာ ဥပဒေအရဆိုရင် တရားမဝင်ဖြစ်နေတယ်လို့ ဘဏ်အကြောင်းကျွမ်းကျင်ပညာရှင်တဦးက သုံးသပ်ပါတယ်။

” မနေ့က အဲ့ဒီစာကိုတွေ့တော့ ဘယ်လိုလဲဆိုပြီး တွေးမိတယ်၊ဗဟိုဘဏ်က တရားဝင်သတ်မှတ်စျေးထက်ပိုတဲ့ ပမာဏနဲ့ အရောင်းအဝယ် ငွေပေးချေလုပ်မယ်ဆိုတာ အခုအခြေအနေအရဆိုရင် တရားမဝင်တဲ့လုပ်နည်းပဲ။ ချက်ခြင်းတောင် ခေါ်ပြီး စစ်ဆေးမေးမြန်းတာလုပ်လို့ရတယ်။ ဒါပေမယ့် သူတို့အချင်းချင်း ဘယ်လိုတွေလုပ်ထားလဲ၊မူဝါဒတွေဘယ်လိုဖြစ်သွားလဲတော့ မသိဘူးပေါ့ ” လို့ သူက သုံးသပ်ပြောဆိုပါတယ်။

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ တဒေါ်လာကို ၂၁၀၀ ကျပ်သတ်မှတ်ထားပြီး ဒေါ်လာနဲ့ပတ်သက်ပြီး ရောင်းခြင်း၊ဝယ်ခြင်း၊လဲလှယ်ခြင်းတွေပြုလုပ်မယ်ဆိုပါက ၀.၃ ဘောင်အတွင်းကနေသာ အတိုးအလျှော့ပြုလုပ်ကာ ရောင်းဝယ်ကြဖို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက် စည်းကမ်းတွေကို မလိုက်နာပါက ဥပဒေအရ အရေးယူမယ်လို့ ဗဟိုဘဏ်က အသိထားတာရှိပါတယ်။

လက်ရှိပြင်ပစျေးကွက်မှာ မနေ့သြဂုတ်လ ညနေပိုင်းအထိ အမေရိကန်တ ဒေါ်လာကို ၃၇၀၀ အထိရှိနေပြီး ကြိုက်ရောင်းကြိုက်ဝယ် စနစ်ဖြစ်ကာ စျေးကွက်ပျက်စီးနေပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #လေကြောင်းလိုင်း၂ခု #လက်မှတ်ခဒေါ်လာ၃၀၀၀

Related posts

Leave a Comment

VOM News

FREE
VIEW