မန္တလေး – မုံရွာ ကားလမ်းပေါ်မှာ DENKO ဆီဘောက်ဆာကား ၁ စီး ပျောက်ဆုံးနေ

စက်တင်ဘာ ၊ ၇ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းအနီး ၊ မန္တလေး မုံရွာ ကားလမ်းမှာ မနေ့ စက်တင်ဘာ ၆ ရက် ၊ မနက်ပိုင်းက စက်သုံးဆီတွေသယ်ဆောင်လာတဲ့ ဆီဘောက်ဆာ ကား ၁ စီးနဲ့အတူ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ဖြစ်သူပါ ပျောက်ဆုံးနေတယ်လို့ မုံရွာ စက်သုံးဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မန္တလေးကနေ မုံရွာဘက်ကို ဆီသယ်လာတဲ့ ဘောက်ဆာကား ၃ စီးအနက် ၊ ၂ စီးက မုံရွာကို ရောက်လာပြီး ၊ ကျန် ၁ စီးက လမ်းမှာပျောက်ဆုံးနေတာ”လို့ မုံရွာမြို့ခံ ဆီလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ပတ်သက်ပြီး မြင်းမူမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က” မနေ့က မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ဂွေးပင်တောရွာဘုန်းကြီးကျောင်းနားမှာ အမည်မသိအဖွဲ့က DENKO စက်သုံးဆီကုမ္မဏီပိုင် ၊ ၈ ဘီးယာဥ် အမျိုးအစား ဆီဘောက်ဆာ ကား ၁ စီးကို ဖမ်းဆီးခေါ်ဆောင်သွားတယ် ၊ ကားပေါ်မှာ ဆီဂါလံ ၂၈၀၀ ပါတယ် ၊ ယာဥ်မောင်း ဦးဇင်မင်းထွန်းနဲ့ ယာဥ်နောက်လိုက် ဦးဇော်မျိုးဝင်း ဆိုသူ ၂ ဦးလည်း ကားနဲ့အတူ ပျောက်နေတာ ” လို့ ပြောပါတယ်။

အဲ့ဒီ ဆီဘောက်ဆာကား ပျောက်ဆုံးနေတယ်ဆိုတဲ့ မန္တလေး မုံရွာကားလမ်း ၊ ဂွေးပင်တောကျေးရွာ ဘုန်းကြီးကျောင်းနားမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ရန်ကုန်ကနေ မုံရွာကို ပြေးဆွဲလာတဲ့ Elite Express ခရီးသည်တင်ကား ၁ စီးလည်း အလားတူ ပျောက်ဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ နှစ် ၂၀၂၁ ကလည်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ဆီသယ်တွဲရေယာဥ် ၂ စီး စက်သုံးဆီတွေနဲ့အတူ ပျောက်ဆုံးခဲ့တာ ဖြစ်ဖူးပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း ရွှေဘို-မြစ်ကြီးနားကားလမ်းမှာ DENKO စက်သုံးဆီ ကုမ္မဏီပိုင် ဆီဘောက်ဆာ ကား ၁ စီ လုယူခံရတာဖြစ်ခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်ကလည်း ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ နတ်မဟုတ်ကြီးကျေးရွာနားက ရွှေဘို မြစ်ကြီးနား ကားလမ်းမှာ Asia Energy ကုမ္မဏီက ဓာတ်ဆီတွေသယ်ဆောင်လာတဲ့ ဆီဘောက်ဆာကား ၁ စီး လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲပြီး ကားမီးလောင်ခဲ့ပါတယ်။

#voiceofmyanmar #VOM #မြင်းမူ

Related posts

Leave a Comment

VOM News

FREE
VIEW