ယူကရိန်းနိုင်ငံအရှေ့ပိုင်းနဲ့တောင်ပိုင်းက နယ်မြေတွေကို ရုရှားလက်ကနေ ယူကရိန်းတပ်တွေ ပြန်လည်သိမ်းပိုက်

ကိဗ်ယက်၊ စက်တင်ဘာ-၁၀-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းရှိ ရုရှားထိန်းချုပ်ထားတဲ့နယ်မြေတွေထဲက ၃၈၅ စတုရန်းမိုင်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းကပြောပါတယ်။

ခါကိဗ်ဒေသမှာရှိတဲ့ အခြေချနေထိုင်တဲ့ဒေသ ၃၀ ကျော်ထိ ရုရှားလက်အောက်ကနေ လွတ်မြောက်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးကပြောပါတယ်။

ဒါဟာ ယူကရိန်းတပ်ဖွဲ့တွေအတွက် သိသာထင်ရှားတဲ့ အောင်ပွဲဖြစ်တယ်လို့ ခါကိဗ်ဒေသရှိ ရုရှားစစ်ဘက် ထိပ်တန်းတာ၀န်ရှိသူ Vitaly Ganchev က ၀န်ခံပြောဆိုပါတယ်။

ယူကရိန်းတပ်တွေဟာ ရုရှားကာကွယ်ရေးလိုင်းကိုပါ ဖြတ်ကျော်သွားနိုင်ခဲ့တယ်လို့ သူက ရုရှားရုပ်သံဌာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာပြောပါတယ်။

စစ်မြေပြင်ရောက် ရုရှားတပ်တွေအတွက် ထောက်ပံ့မှုတွေပေးဖို့ ရုရှားအသုံးပြုနေတဲ့ မရှိမဖြစ်ရထားလမ်းဆုံတခုဖြစ်တဲ့ Kupiansk ရဲ့ ကိုးမိုင်အကွာထိ ယူကရိန်းတပ်ဖွဲ့တွေ ရောက်ရှိနေကြပြီလို့ Institute for the Study of War think tank ရဲ့လေ့လာမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုရှားကလည်း တပ်ဖွဲ့၀င် ၈၀ ထိတင်ဆောင်နိုင်တဲ့ Mi-26 ပို့ဆောင်ရေးရဟတ်ယာဉ်ကြီးတွေအသုံးပြုပြီး လေကြောင်းအပြင် ကုန်းကြောင်းကပါ အဲဒီဒေသကို စစ်ကူတွေစေလွှတ်နေဖွယ်ရှိပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိဗ်ယက်

Related posts

✕
VOM News

FREE
VIEW