ဧရာဝတီတိုင်းမှာ စက်သုံးဆီ အရောင်းဆိုင်အများစု ဖွင့်ထားပေမယ့် ဆီပြတ်နေပြီး ဝယ်မရဖြစ်နေ

စက်တင်ဘာ၊ ၁၁-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းမှာ ပိတ်ထားတဲ့ စက်သုံးဆီဆိုင်အများစု စက်တင်ဘာ ပထမအပတ်က ပြန်လည်ဖွင့်ထားပေမယ့်လည်း စက်သုံးဆီ ဝယ်ယူလို့မရဘဲပြတ်လပ်မှုဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

“ဆီဆိုင်တွေကတော့ ပြန်ဖွင့်နေတာတွေ့ရတယ် ၊
ဆီလည်းသွားဖြည့်တော့ ဆီပြတ်နေတယ်တဲ့ ၊ ဆီ ၂၀၀၀ ဖိုးလောက်ရဖို့ ၄ ဆိုင်သွားဝယ်ခဲ့ရတယ် ၊ နည်းနည်းပါးပါး ရှိနေတဲ့ လမ်းဘေးဆီဆိုင်တွေမှာလည်း တစ်လီတာကို ၃ ထောင်ရဲ့အထက်မှာပဲရှိတယ် ၊ ရုပ်ပြသက်သက်ဖွင့်နေရတဲ့ သဘောရှိတယ် ၊ ကလေးတွေ ကျောင်းအကြိုသွားတာ ဆီလိုက်ဝယ်နေရတာနဲ့ မိုးချုပ်သွားလို့ ကျောင်းစောင့်အိမ်မှာ စောင့်နေခဲ့ရတယ်”လို့ ဧရာဝတီတိုင်းကဒေသခံ
တဦးကပြောပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်လို့လတ်တလော ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး စက်သုံးဆီရောင်း ဝယ်ရေးလုပ်ငန်းရှင်တဦးက“ ကျွန်တော်တို့ကိုယ်တိုင်က စက်သုံးဆီကို အရင်ကလို လိုသလောက်မရပါဘူး ခွဲတမ်းနဲ့ယူရောင်းနေရတာပါ ၊ ရတဲ့ခွဲတမ်းနဲ့သုံးလိုအား မမျှတော့ ဆီက မကြာခဏပြတ်လပ်နေတာ ၊ ဆီဆိုင်တွေအများစု ဆီမရှိဘဲ ဖွင့်နေရတာက ရှင်းပါတယ်၊ဧရာဝတီတိုင်း က ဆီဆိုင်တွေအားလုံးကို အမြဲဖွင့်ထားဖို့ ဆီပြတ်လပ်တာမရှိဖို့ ဈေးတင်မရောင်းဖို့ ဆိုပြီး စစ်ဆေးတာတွေ သတိပေးတာတွေလုပ်ထားတယ်လေ ၊ဒါ့ကြောင့် ဆီဆိုင်တွေဖွင့်ထားတယ် ၊ ဆီရှိသလောက်ရောင်းတယ် ၊ဆီမရှိတော့လည်းလည်း ဖွင့်တယ်။”လို့ ပြောပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကနေ စက်တင်ဘာ ၁၁ ရက် ဒီကနေ့အတွက် သတ်မှတ်ထားတဲ့ စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းက ၉၂ တလီတာကို ၂၂၅၇ ကျပ်၊ ၉၅ တလီတာကို ၂၃၅၈ကျပ်အဖြစ် သတ်မှတ်ထားပေမဲ့ မြေပြင်မှာ ၉၂ တစ်လီတာ ၃၂၀၀ နဲ့ ၉၅ တလီတာကို ၃၄၅၀ အထိ ဈေးပေါက်နေတယ်လို့သိရပါတယ်။

“၈ ရက်နေ့အထိကတော့ ဝယ်လို့ရခဲ့သေးတယ် ၊အဲ့ဒီနောက်ပိုင်းကစပြီး ဆိုင်တွေအကုန် ဆီပြတ်သွားတာပါ ၊ ဘယ်အချိန် ပြန်ရမလဲဆိုတာလည်း မသိရဘူး၊အခုက လမ်းမှာဆီပြတ်လို့ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့အခြေအနေဖြစ်နေတယ် ၊ ဆီလုံးဝမရတော့ပြန်ဘူး၊ လမ်းဘေးဆိုင်တွေတော့ ၁ လီတာမပြည့်ဘူး ၃၂၀၀ ပေးနေရတယ်၊ မနည်း တောင်းဝယ်ရတာ၊ အရင်ကလို ကိုယ်ထည့်ချင်တဲ့ဆိုင် ဝယ်ထည့် လို့မရဘူး၊ ဆိုင်ကယ်လေးနဲ့ Delivery ပို့စားနေတာ ဒီဆီဈေး ဒီလိုဝယ်မရ ဖြစ်နေတော့ ငတ်သေဖို့ရှိတော့တယ်”လို့ ဧရာဝတီတိုင်းက Delivery သမားတဦး ကပြောပါတယ်။

စက်သုံးဆီကြောင့် စပါးစိုက်ပျိုးရေးလုပ်ငန်း ၊ရေယာဉ်လုပ်ငန်း ၊ ဆိုင်ကယ်ကယ်ရီလုပ်ငန်း ၊ မော်တော်ယာဉ်လုပ်ငန်း ၊ အခြား အသေးစား လုပ်ငန်းတွေနဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့က စက်သုံးဆီကို ပေပါလိုက် ဝယ်သုံးရတာ ၊အခုက ၁ဂါလံ ၂ ဂါလံတောင် ဝယ်မရတော့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စိုက်ရဖို့ အခက်ဖြစ်နေတယ် ၊ဆီဈေးတက်တဲ့အပြင် ဝယ်မရတဲ့ပြဿနာကြောင့် ကျွန်တော်တို့တောင်သူတွေ အတော့်ကို ဒုက္ခရောက်ပြီး အခက်အခဲဖြစ်နေတယ် ။”လို့ ဧရာဝတီတိုင်းက ဒေသခံ တောင်သူတဦးကပြောပါတယ်။

ဧရာဝတီတိုင်းက ကယ်ရီဆွဲလုပ်ငန်း လုပ်ကိုင်သူတဦးကလည်း“ဆီပန့် ဆီဆိုင်အချို့မှာသာ ဝယ်ယူလို့ ရနေပြီးတော့ ဆိုင်အချို့မှာ စက်သုံးဆီတွေစတင် ပြတ်လတ်လာနေတယ်၊ ကျွန်တော်ဆို ကျွန်တော်တို့မြို့မှာ အသက်သာဆုံးနဲ့ တစ်ခါမှမပြတ်ဖူးတဲ့ ကျွန်တော်ဝယ်သုံးနေကျဆိုင်မှာ ဆီပြတ်နေလို့ အခြားဆိုင်တွေမှာလည်း ဈေးကတက်နေလို့ မနေ့ကစပြီး ကယ်ရီဆွဲတာရပ်ထားရတယ်၊ ရက်ရှည် လုပ်ငန်းရပ်ထားရင် မိသားစု စားဖို့နေရေး ကျပ်တည်းလာမှာသေချာတယ် ။”လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက် ဆီပြတ်လပ်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ၊ဆေးဝါးတွေ၊ လျှပ်စစ်ပစ္စည်းတွေ ၊ လူသုံးပစ္စည်းတွေလည်း အရင်ကထက် နှစ်ဆကျော်အထိ ဈေးမြင့်တက်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက် အရသိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီ

Related posts

Leave a Comment

VOM News

FREE
VIEW