မုံရွာမြို့မှာ ၂ ရက်အတွင်း ၃ ကြိမ်ဓားပြတိုက်ခံရပြီး သိန်းပေါင်း ၃ သောင်းကျော်ဖိုးပါသွား

စက်တင်ဘာ ၊ ၁၃ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်မှာ စက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ ဓားပြတိုက်မှုတွေ ၃ ကြိမ် ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကာလခန့်မှန်းတန်ဖိုး ငွေကျပ် သိန်းပေါင်း ၃ သောင်းကျော် ပါသွားတယ်လို့ မုံရွာမြို့ခံတွေဆီက သိရပါတယ်။

” ပြီးခဲ့တဲ့ ၁၁ ရက်နေ့က မုံရွာမြို့ပေါ်မှာ ဓားပြတိုက်ခံရတာ ၂ ကြိမ် ဆက်တိုက်ဖြစ်တယ် ၊ မနက်ပိုင်းမှာက ဘုရားကြီးရပ်ကွက် ဗိုလ်ချုပ်လမ်းနဲ့တရုတ်တန်းလမ်းဒေါင့်က သိန်းတရာရွှေဆိုင် တိုက်ခံရတယ် ၊ ရွှေ ၁၀ ပိသာဆိုတော့ သိန်းပေါင်း ၃ သောင်းကျော်ပါသွားတယ် ၊ အဲ့ဒီနေ့ ညနေပိုင်းမှာ နန္ဒဝန်ရပ်ကွက် ၊ သမစိတ္တလမ်း ၊ ဂန့်ဂေါကျောင်းလမ်းက ကွမ်ရွက် အဝယ်ဒိုင်အိမ်မှာ ဒုတိယအကြိမ်တိုက်ခံရတယ် ၊ ယိုဒယား ကလစ်ဆိုင်ကယ် ၂ စီးပါသွားတယ် ၊ မနေ့ စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှာတော့ အေးသာယာရပ်ကွက် ၊ ကန္နားလမ်းက မြတ်စုမွန် မြေဆီပွဲရုံတိုက်ခံရတယ် ၊ ငွေကျပ် သိန်း ၁၅၀ ကျော်နဲ့ ဖုန်းတွေပါသွားတယ် ” လို့ မုံရွာမြို့ခံ ကုန်သည်ကြီးများ အသိုင်းအဝိုင်းက ပြောပါတယ်။

မုံရွာမြို့ခံ ကုန်စည်ဒိုင်အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင် တယောက်က ” မုံရွာမြို့မှာ ဓားပြမှုတွေ လွယ်လွယ်ကူကူ အတိုက်ခံနေရတာက လုံခြုံရေးအသိနဲ့ တိုက်ရိုက်သက်ဆိုင်တယ် ၊ မုံရွာမြို့မှာ ဘဏ်ခွဲ အသေးစားတွေ အားလုံးနီးပါး ပိတ်ထားတယ် ၊ ဘဏ်ကြီးတွေပဲဖွင့်တာပါ ၊ မုံရွာမြို့ရဲ့ ဘဏ်ကြီးစာရင်းဝင် ဘဏ်တွေအားလုံးဟာ ၂၄ နာရီ လုံခြုံရေး တင်းကြပ်ထားတဲ့ ဘူတာလမ်းနဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာရှိတယ် ၊ အဲ့ဒီတော့ ဘဏ်ဓားပြတိုက်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေမှာ မရှိဘူး ၊ ဒီတော့ ဓားပြတွေက ရွှေဆိုင်တွေဘက်ကို လှည့်လာတာဖြစ်နိုင်တယ် ၊ မုံရွာမြို့မှာ ရွှေဆိုင် အကြီးတန်း စာရင်းဝင် ၅ ဆိုင်ဝန်းကျင်ရှိတယ် ၊ ဆိုင်အသေးတွေကတော့ အများကြီးပေါ့ ၊ အဲ့ဒီ ရွှေဆိုင် အကြီးတန်း စာရင်းဝင် ၅ ဆိုင်ထဲက လုံခြုံရေး စိတ်မချရတဲ့ နေရာတွေက ရွှေဆိုင်ကြီးတွေက ပိတ်ထားတယ် ၊ တချို့ဆိုင်တွေက ဆိုင်တံခါးတွေပိတ်ထားပြီး ၊ တံခါးတချပ် ဖွင့်ထားတယ် ၊ အဲ့ဒါကလည်း ဓားပြအန္တရာယ်ကို လုံခြုံတယ်ဆိုပြီး လက်ယပ်ခေါ်သလို ဖြစ်နေတယ် ၊ အဲ့ဒါကြောင့်လည် ဓားပြတွေက လွယ်လွယ်ကူကူ တိုက်သွားတာဖြစ်နိုင်တယ် ” လို့ ပြောပါတယ်။

မုံရွာမြို့ရဲ့၊ မြို့မိ မြို့ဖ ဖြစ်သူ တယောက်ကလည်း ” မြို့ပေါ်မှာဖြစ်တဲ့ ဓားပြတိုက်မှုဖြစ်စဥ်တွေမှာ တိုက်တဲ့သူတွေက ကားနဲ့လာတာများတယ် ၊ မုံရွာမြို့ကို အဓိက ဝင်ထွက်နိုင်တဲ့ လမ်းပိုင်းတွေမှာပဲ လုံခြုံရေးတွေ စစ်ဆေးတာရှိပြီး ကြားလမ်းတွေမှာ မရှိဘူးဖြစ်နေတာကို တွေ့ရတယ် ၊ မုံရွာမှာက မြို့ထဲကို မှောင်ခိုလမ်းတွေ အများအပြားရှိတယ် ၊ အဲ့ဒီလမ်းတွေကို လုံခြုံရေး ကြပ်မတ်နိုင်တာ အခုထိမရှိဘူး ” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဇရပ်ဝိုင်းဘုရားလမ်း ၊ ဇရပ်ဝိုင်းဘုရားအနီးက လပ်ကီးဆင်နှစ်ကောင် ကုန်စုံဆိုင် ဓားပြတိုက်ခံရတာဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒီနောက် မုံရွာမြို့ ၊ အလုံတပ်မြို့ ၊ ဘိုးတော်ကြီးနန်းအနီးက နန်းဦး စားသောက်ဆိုင် ဓားပြတိုက်ခံရပြီး သိန်း ၁၅၀ ကျော်ဖိုး ပါသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကလည်း မုံရွာမြို့၊ မြို့လယ်နေရာလို့ ပြောလို့ရတဲ့ ရုံးကြီးရပ်ကွက် ၊ ရွှေစည်းခုံဘုရားနားက ရွှေညောင်ပင် လက်ဘက်ရည်ဆိုင်ပိုင်ရှင်ရဲ့နေအိမ် ဓားပြတိုက်ခံရပြီး ပိုက်ဆံ သိန်း ၄ ရာကျော်နဲ့ ဖုန်းအလုံး ၂၀ ကျော် ပါသွားခဲ့ပါတယ်။

မုံရွာမြို့ပေါ်မှာ အခုနှစ် မေလကနေ စက်တင်ဘာအထိ ဓားပြမှု လုယက်မှု ဖြစ်ပွားခဲ့တာဟာ ၁၅ ကြိမ်ထက်မနည်း ရှိတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW