မုံရွာ ကျောက္ကာလမ်း ပစ်ခတ်မှုမှာ အိမ်ထဲအိပ်နေတဲ့ အမျိုးသမီး ၁ ဦးသေ ၊ ၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၂ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မြဝတီရပ်ကွက် ၊ ကျောက္ကာလမ်းမှာရှိတဲ့ မြဝတီရပ်ကွက်ရုံးနဲ့ Mytel ဆက်သွယ်ရေးကုမ္မဏီရုံးအကြား ၊ မိုဃ်းကောင်းဘုရားနားမှာ မနေ့ စက်တင်ဘာ ၁၁ ရက်ည ၈ နာရီဝန်းကျင်က ပစ်ခတ်တာတွေဖြစ်ပွားပြီး အဲ့ဒီအနီးက နေအိမ်တခုမှာ အိပ်နေတဲ့ အမျိုးသမီး ၂ ယောက် ကျည်ဆံထိမှန်တာကြောင့် ၁ ဦးသေဆုံးပြီး ၊ ၁ ဦး ဒဏ်ရာရခဲ့တာလို့ မုံရွာမြို့ ၊ မြဝတီရပ်ကွက်နေ ဒေသခံတွေဆီက သိရပါတယ်။

” မြဝတီရပ်ကွက်ရုံးမှာလည်း ကင်းအဖွဲ့တွေရှိတယ် ၊ Mytel ဆက်သွယ်ရေးကုမ္မဏီရုံးမှာလည်း ကင်းအဖွဲ့တွေရှိတယ် ၊ အဲ့ဒီ ကင်းအဖွဲ့ ၂ ခုကြားမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့နဲ့ ပစ်ခတ်ကြတာဖြစ်တယ် ၊ အဲ့ဒီ ပစ်ခတ်မှုကြောင့် အနီးဝန်းကျင်က နေအိမ်တွေ ကျည်ဆံထိမှန်တာ ရှိတယ် ၊ နောက်ပြီး အဲ့ဒီနားက အိမ်တခုမှာ တည်းခိုနေတဲ့ မိန်းကလေး ၂ ယောက် ကျည်ဆံထိမှန်ပြီး ၁ ဦးသေတယ် ၊ ၁ ဦး ဒဏ်ရာရတယ် ” လို့ မြဝတီရပ်ကွက်နေ ဒေသခံ တယောက်က ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ မြဝတီရပ်ကွက်နေ ဒေသခံ တယောက်က ” ညက ကျည်ထိမှန်တဲ့သူတွေက နယ်ခံတွေ မဟုတ်ကြဘူး ၊ ဧည့်သည်တွေဖြစ်တယ် ၊ မုံရွာကို နိုင်ငံကူးလက်မှတ်လျှောက်ထားဖို့ ရောက်နေကြတာပါ ၊ အိပ်ယာထဲနေရင်း မှန်တာလို့သိရတယ် ၊ တယောက်ကတော့ နေရာမှာတင်သေဆုံးပြီး ကျန်တယောက်ကတော့ ပေါင်မှာ ထိထားတယ်လို့ သိရတယ် ၊ အဲ့ဒီ ကောင်မလေးတွေရွာကလည်း မီးရှို့ခံထားရလို့ သူတို့ မိသားစုတွေက တိမ်းရှောင်နေရတာ”လို့ ပြောပါတယ်။

အဲ့ဒီ လူသေဆုံးမှုနဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်းဖွင့် စစ်ဆေးနေတာနဲ့ ပတ်သက်ပြီး သိနိုင်ဖို့ VOM က ဆက်သွယ်ခဲ့ပေမယ့် အခုချိန်ထိတော့ ဆက်သွယ်လို့ မရသေးပါဘူး။

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ကျေးရွာ ၊ မုံရွာ အမြင့် တောကျောင်း တာရိုးကားလမ်းမှာ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ပြီး ညောင်ဖြူရဲကင်းစခန်းက ရဲ ၂ ဦး နဲ့ အရပ်သား ၁ ဦး သေဆုံးခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။

ပုံစာ- မုံရွာ Mytel ရုံး
#voiceofmyanmar #VOM #မုံရွာ #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW