လာမယ့်နှစ်မှာ ကမ္ဘာ့စားနပ်ရိက္ခာရှားပါးပြတ်လပ်မှု ပိုမိုဆိုးရွားနိုင်ကြောင်း ကုလသတိပေး

ကုလသမဂ္ဂ၊ စက်တင်ဘာ-၁၃-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းရဲ့ ကောက်ပဲသီးနှံတင်ပို့မှုတွေကို လွန်ခဲ့တဲ့လမှာ ပြန်လည်စတင်ခဲ့ပေမယ့်လည်း ကမ္ဘာ့စားနပ်ရိက္ခာပြတ်လပ်မှုဟာ လာမယ့်နှစ်မှာ ပိုမိုဆိုးရွားလာနိုင်ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးပြောဆိုလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားနေတဲ့ယူကရိန်းနိုင်ငံမှ လယ်ယာထွက်ကုန်တွေ ပြန်လည်တင်ပို့နိုင်တာဟာ အရေးပါတဲ့ ခြေလှမ်းတရပ်ဖြစ်ကြောင်း ဒါပေမယ့် စားနပ်ရိက္ခာရှားပါးပြတ်လပ်မှုဟာ လာမယ့်နှစ်မှာ ပိုမိုဆိုးရွားနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနဲ့ အရှေ့ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ကော်ရင်းဖလီချာက စက်တင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

လာမယ့်ရာသီမှာ ယူကရိန်းရဲ့ ကောက်ပဲသီးနှံရိတ်သိမ်းမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် ၃၀ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိပြီး တန်ချိန်သန်း ၁၀၀ ရိတ်သိမ်းနိုင်မယ်လို့ သူကမျှော်လင့်ထားပြီး ကမ္ဘာလုံးဆိုင်ရာ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ္ဘာတ၀န်းရှိ လယ်သမားတွေဟာ ဓါတ်မြေသြဇာထိပ်တန်းထုတ်လုပ်သူ ရုရှားက တင်ပို့မှုတွေကို ရပ်ဆိုင်းလိုက်ပြီးနောက် စျေးနှုန်းများကြီးမြင့်လာတာကြောင့် အခက်အခဲတွေနဲ့ရင်ဆိုင်နေရကြောင်း သူကပြောပါတယ်။

ပါကစ္စတန်မှာ ရေကြီးမှု၊ တရုတ်နဲ့ ဥရောပဒေသတို့မှာ မိုးခေါင်ရေရှားမှုတွေအပါအ၀င် ပုံမှန်မဟုတ်တဲ့ ရာသီဥတုအခြေအနေတွေက ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံမှုအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေရှိနေကြောင်း ကော်ရင်းဖလီချာက သတိပေးပြောဆိုပါတယ်။

Ref: NHK
Photo:WFP
#voiceofmyanmar #VOM #ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW