ကြည့်မြင်တိုင် ပန်းပင်နီလမ်း ဆန္ဒပြပွဲမှာ လူငယ် ၁၅ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရ

စက်တင်ဘာ ၁၄-၂၀၂၂
VOM (GG + KK)

ရန်ကုန်မြို့ ၊ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်နီလမ်းမှာ မနေ့ စက်တင်ဘာ ၁၃ရက် ညနေပိုင်းကပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတခုမှာ သတင်းထောက်အချို့ အပါအဝင် ဆန္ဒပြသူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ နိူင်ငံရေးတက်ကြွလှုပ်ရှားသူတွေဆီက သိရပါတယ်။

သပိတ်လူစုဖို့ စောင့်ဆိုင်းနေချိန်မှာ အသင့်ရပ်ထားတဲ့ အိမ်စီးကားတွေထဲကနေ အရပ်ဝတ်တွေနဲ့လူတွေဆင်းလာပြီး ရိုက်နှက်၊ ပစ်ခတ်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“ကလေးတွေက ဆန္ဒပြဖို့ လုပ်နေတုန်းပဲ ရှိသေးတယ် အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာ၊ သူတို့က အသင့်စောင့်နေတာ”လို့ သူကပြောပါတယ်။

အရပ်ဝတ်နဲ့ဖမ်းဆီးသူတွေဟာ ဆန္ဒပြတဲ့လူငယ်တွေကို အိမ်စီးကားတွေနဲ့ကြိုတင်စောင့်ဆိုင်းနေပြီး လူအင်အားများတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ရှင်းပြပါတယ်။

” ၄ နာရီခွဲကျော်လောက်မှာ ပွဲစဖို့လုပ်ပေမယ့် တချို့မရောက်သေးလို့ ခဏစောင့်နေချိန် ရပ်ထားတဲ့ကားပေါ်ကနေ ဆင်းလာတယ်၊ရိုက်တယ်၊လုံးဝမလွတ်ဘူး ပန်းပင်လမ်းမှာ စျေးလမ်းရှိတယ် အဲ့ဒီလမ်းထဲဝင်ပြေးတယ်၊ လိုက်ရိုက်တယ် သေနတ်နဲ့ပစ်တယ် အကွက်ကျကျစီစဥ်ပြီးဖမ်းတာ” လို့ သူကပြောပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့အထဲမှာ.သတင်းထောက်တွေ၊ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး (အကလ-ဗဟို)၊ Myanmar Labour Alliance၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်းကျောင်းသားများသမဂ္ဂအဖွဲ့ဝင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM အဖွဲ့တွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

“CTUM အဖွဲ့က ၅ဦးပါတယ်၊ BWFM က ၂ဦးရယ် IWFMက ၂ဦးရယ် ယာဥ်မောင်း ၁ဦးရယ် အခုထိတော့ ဘယ်မှာဖမ်းထားလဲမသိဘူး”လို့ အလုပ်သမားအရေးဆောင်ရွက်သူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဦးရေဟာ နှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရသိရပေမယ့် VOMအနေနဲ့ သီးခြားအတည်ပြုနိူင်ခြင်းမရှိသေးပါဘူး။

လတ်တလောမှာ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကို မသိရှိရသေး​သလို အဆက်အသွယ်လည်းမရရှိသေးဘူးလို့ ကျောင်းသားသမဂ္ဂတဦးက ပြောပါတယ်။

“ဘယ်လောက်အဖမ်းခံရတယ်ဆိုတာ အတည်ပြုဖို့ခက်နေတယ် လက်တလောအဆက်အသွယ်ကိုမရသေးတာ၊ ဘေးကင်းပါစေပဲလို့ ဆုတောင်းရမှာပဲ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာပဲ ရန်ကုန်လူထုသပိတ်ကို ကားနဲ့ဝင်တိုက်ကာ သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့လို့ ဆန္ဒပြလူငယ်အချို့သေဆုံးပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရကာ ၁၅ ဦးအထိ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

Photo Crd-ပြီးခဲ့တဲ့နှစ် ပန်းပင်ကြီးလမ်းမှာ ဖမ်းဆီးခဲ့သည့် ပုံဟောင်း
#voiceofmyanmar #VOM #ရန်ကုန်

Related posts

Leave a Comment

VOM News

FREE
VIEW