ကျောက်ပန်းတောင်း မိတ္ထီလာကားလမ်းမှာ ခရီးသည်တင်ကား ၂ စီးတိုက်မိ ၊ လူ ၁၃ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီး ၊ ကျောက်ပန်းတောင်း မိတ္ထီလာကားလမ်းပေါ်မှာ မနေ့ စက်တင်ဘာ ၁၄ ရက် ည ၉ နာရီကျော် ဝန်းကျင်က ခရီးသည်တင်ကား ၂ စီး တိုက်မိပြီး သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ကျောက်ပန်းတောင်းမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” တန်းကျိုးထားတဲ့ကားကို ပုဂံမင်းသား Express ကကျော်တက်လိုက်တဲ့အချိန် တဖက်ယာဥ်ကြောကနေလာတဲ့ သန်မြန်သူ Express ကားနဲ့ မျက်နှာချင်းဆိုင် တိုက်မိတာပါ ၊ ၂ စီးလုံးပေါ်က ခရီးသည်တွေ သေဆုံးဒဏ်ရာရတာပါ ” လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီလုပ်ကိုင်ပေးခဲ့သူ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ယာဥ်တိုက်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ဝင် တစ်ဦးက ” ကျွန်တော်တို့ရောက်တဲ့အချိန်မှာ သုကတိရှင် လူမှုကူညီရေး အဖွဲ့က လူနာတွေကို ကျောက်ပန်းတောင်း ပြည်သူ့ဆေးရုံဆီ ၂ ခေါက်သယ်သွားပြီး ၊ ပုဂံမင်းသား Express ကားမှာ ညှပ်နေတဲ့ ဒရိုင်ဘာနဲ့ စပယ်ယာရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ပေးရတယ် ၊ သေဆုံးသူတွေရဲ့ ပစ္စည်းတွေက ပြန့်ကျဲနေပြီး အမှောင်ထဲမှာ လာတဲ့သူတွေက များတော့ ပစ္စည်းတွေ မပျောက်ရအောင် ဂရုတစိုက် လုပ်ပေးနေရတယ် ၊ သေဆုံးသူက လတ်တလော ၁၃လောင်းရှိတယ် ၊ အမျိုးသား ၁၀ အမျိုးသမီး ၃ ယောက်” လို့ ပြောပါတယ်။

ကျောက်ပန်းတောင်း မိတ္ထီလာ ကားလမ်းပိုင်းမှာ ယာဥ်တိုက်မှုတွေ ဖြစ်ပွားတန်ပေမယ့် အခု ယာဥ်တိုက်မှုဖြစ်စဥ်ဟာ လူအသေအပျောက်ဆုံးနဲ့ အပျက်အစီးအများဆုံးဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #ကျောက်ပန်းတောင်းမိတ္ထိလာကားလမ်းယာဉ်တိုက် #ပုဂံမင်းသား #သန်မြန်သူ

Related posts

Leave a Comment

VOM News

FREE
VIEW