ပေါက်မြို့နယ် ဆင်ဇာကျေးရွာနားမှာ ပစ်သတ်ခံထားရတဲ့ ရုပ်အလောင်း ၅ လောင်းတွေ့

စက်တင်ဘာ ၊ ၁၅ ၊ ၂၀၂၂
SP(VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဆင်ဇာကျေးရွာရဲ့ ရွာလမ်းထိပ်နေရာမှာ မနေ့ စက်တင်ဘာ ၁၄ ရက် မနက်ပိုင်းက ပစ်သတ်ခံထားရတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

“သေဆုံးသူတွေက ၊ ပင်တောင်ကျေးရွာမှာနေတဲ့ ဦးမောင်အေး (၅၄) နှစ်၊ သစ်ချိုကုန်း ကျေးရွာက ဦးနိုင်ဇော်(၄၇)နှစ် နဲ့မောင်မင်းထက်ဦး (၁၈) နှစ်၊ ​​နောက်ပြီး ဝါတောကျေးရွာမှာနေတဲ့ ဦးအောင်မြင့် (၅၂) နှစ် နဲ့ မောင်ထန်းမောင် (၁၇) နှစ် ၊ အဲ့ဒီ ၅ ဦးဖြစ်တယ် ၊ သူတို့က ပေါက်မြို့ကနေ စျေးဝယ်ပြီးရွာကို ပြန်အလာ ဆင်ဇာရွာထိပ်မှာ ပစ်သတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ ၅ လောင်းပြိုင် အသတ်ခံထားရတာနဲ့ ပတ်သက်ပြီး ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က ” သတင်းကြားရတာက ၁၃ ရက်နေ့ ညနေပိုင်းက ပင်တောင်ရွာသား ၁ ဦး ၊ သစ်ချိုကုန်းရွာသား ၂ ဦးနဲ့ ဝါးတောရွာသား ၂ ဦး ၊ အဲ့ဒီ လူ ၅ ဦးက ပေါက်မြို့ကနေ စျေးဝယ်ပြီး ပြန်အလာ ဆင်ဇာရွာထိပ်အရောက်မှာ အသင့်စောင့်နေတဲ့ လက်နက်ကိုင် ၈ ယောက်က ပစ်သတ်သွားတာလို့ ကနဦး သိရတယ် ၊ သေဆုံးသူတွေဟာ သာမန်အရပ်သားတွေဖြစ်ပြီး ၊ နိုင်ငံရေး အရောင်အသွေး ရှိတာ မဟုတ်ဘူးလို့ သိရတယ် ၊ အဲ့ဒီ ဖြစ်စဥ်ကိုမနေ့က မနက်ပိုင်းမှာ ပေါက်မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် နိုင်ဖို့ စစ်ဆေးနေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အခုလ ၁၁ ရက်နေ့ ညနေပိုင်းကလည်း မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ဒီးဒုတ်ကွင်းရွာအနီး ၊ မုံရွာ ပုသိမ် ကားလမ်းပေါ်မှာ ဒီးဒုတ်ကွင်းရွာကနေ ပေါက်မြို့ကို စျေးဝယ်သွားတဲ့ ဦးဌေးပိုင် ၊ ဦးနေစိုးနဲ့ မသန္တာဦးတို့ ၃ ယောက်ဟာ ပစ်သတ်ခံရပြီး သူတို့စီးလာတဲ့ ဆိုင်ကယ် ၃ စီး လည်း ယူသွားခံရတာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ပေါက်မြို့ #၅လောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW