ဘိုကလေးမှာ ဖမ်းမိတဲ့ အထောက်အထားမဲ့သူ ၅၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချ

စက်တင်ဘာ၊ ၁၅-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အနီး ပင်လယ်ပြင်မှာ အဖမ်းခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေး ၂၅ ယောက် အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ ၅၈ ယောက် ကို ဒီနေ့ စက်တင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်စီအမိန့်ချမှတ်လိုက်ပြီဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်း အဝိုင်းကနေသိရပါတယ်။

ဘိုကလေးမြို့အနီးက ဂယက်ကြီးကျွန်းအနားကို ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်က စက်လှေပျက် မျှောပါလာလို့ ရေတပ်က ဖမ်းဆီးခဲ့ရပြီး ၁၄ ရက်လောက် စစ်ဆေးပြီးနောက် အသက်မပြည့်တဲ့ ကလေး ၂၅ ယောက် အပါအဝင် နိုင်ငံသား အထောက်အထာမဲ့သူ ၅၈ ယောက်ကို လဝက မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ- ၆ ၃ နဲ့ထောင်ဒဏ်(၂)နှစ်စီအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

“ရခိုင်ပြည်နယ်ဘက်ကနေ လာတာ ၊ဘိုကလေးမြို့အနီး ဂယက်ကြီးကျွန်းအနီးမှာ ပျက်နေတဲ့ စက်လှေပေါ်က နေ ဖမ်းမိခဲ့တဲ့ သူတွေပါ ၊ အသက်မပြည့်သေးတဲ့ ကလေး ၂၅ ယောက်နဲ့ လူကြီး ၃၃ ယောက် အားလုံး ၅၈ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခဲ့လိုက်တာ။ ”လို့ တရားရုံးနဲ့ နီးစပ်တဲ့ ဝန်ထမ်းတဦးကပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ နိုင်ငံသား အထောက် အထားမဲ့သူ ၅၈ ယောက်ထဲက အသက်မပြည့်သေးတဲ့ ကလေး ၂၅ ယောက်ကို ရန်ကုန်တိုင်း၊ တွံ့တေးငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့လိုက်တယ်လို့သိရပြီး ကျန်တဲ့လူကြီး ၃၃ ယောက်ကတော့ ဖျာပုံအကျဉ်းထောင်မှာလို့ သိရပါတယ်။

”ဖျာပုံထောင်မှာ ၃၃ ယောက်နဲ့ တွံ့တေးကိုက ကလေး ၂၅ ယောက် အပို့ခံထားရတယ် ၊ ဘိုကလေးမှာရှိနေတုန်းက အဝတ်အထည်နဲ့ လိုအပ်တာတွေ ကူညီပေးခဲ့တယ် ၊ အခု ထောင်ဒဏ်ချမှတ်ခံရတဲ့သူတွေနဲ့အတူ အဖမ်းခံရတဲ့ နေ့က စက်လှေပျက်ထဲမှာ ၆ ယောက်သေဆုံးလာတာ တွေ့ရတယ် ၊သေဆုံးတဲ့သူတွေက စက်လှေပျက်ပြီး ရက်ရှည်အစာရေစာပြတ်လို့ သေဆုံးတာလို့ပဲ သိရတယ်။” လို့ ဘိုကလေးမြို့ခံတဦးကပြောပါတယ်။

အခု စက်တင်ဘာ ပထမအပတ်ကလည်း ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ် ၊ သရက်မြိုက်တံတားအနီးမှာ အဖမ်းခံခဲ့ရပြီး အသက်မပြည့်သေးတဲ့ ကလေး ၃ ယောက် အပါအဝင်နိုင်ငံသား အထောက်အထားမဲ့သူ ၅၆ ယောက်ကို လဝက မှတ်ပုံတင် အက်ဥပဒေပုဒ်မ-၆ ၃နဲ့ ထောင်ဒဏ် ၂နှစ်စီ အမိန့်ချမှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး

Related posts

Leave a Comment

VOM News

FREE
VIEW