ရေကြည်မှာ အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ်နဲ့ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၄-၂၀၂၂
မင်းမြတ် (VOM)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဇရပ်လှကျေးရွာရဲ့ အုပ်ချုပ်ရေးမှူး ၁ ဦး ဒီကနေ့ စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်မောင်းလာချိန် သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့လူမှုကူညီရေးအဖွဲ့တွေဆီကနေသိရပါတယ်။

ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးတာဘူးဆိုသူဟာ ငါသိုင်းချောင်းမြို့ကနေ ဆိုင်ကယ်မောင်းပြီး ထွက်လာတဲ့အချိန် ကျုံတာကျေးရွာအနီးမှာ ဆိုင်ကယ်နဲ့ သေနတ်သမားတွေက ပစ်သတ်သွားတာလို့ သိရပါတယ်။

”ဘေးချင်းကပ် ပစ်သတ်သွားတာ ၊ အခင်းဖြစ်တဲ့ နေရာမှာပဲ သေသွားတယ် ၊ ဆိုင်ကယ်နဲ့လာတာ ဘယ်သွားတာလည်းတော့မသိဘူး၊ ကျုံတာကျေးရွာအနီးမှာ ပစ်သတ်ခံရတာ ၊ စုံစမ်းကြည့်တော့ ရေကြည်မြို့နယ် ၊ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဆိုတာကိုသိရတာ၊ သူနာမည်က ဦးတာဘူးလို့သိရတယ် ၊ တာဝန်ရှိသူတွေက စစ်ဆေးနေတယ် ၊ မျက်မြင်တွေ့တဲ့သူတွေပြောတာက သေနတ်သမား တွေက မျက်နှာဖုံးတွေနဲ့တဲ့ ။”လို့ ရေကြည်မြို့ခံ ပရဟိတအဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဆိုသူဟာ အသက် ၄၀ ကျော်အရွယ်ဖြစ်တယ်လို့သိရပြီး နစက လက်ထက်မှာ အသစ်ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံ တွေဆီကနေသိရပါတယ်။

”အဲ့ဒီ့အုပ်ကြီးဆိုရင်တော့ အသစ်ခန့်ထားတဲ့ အုပ်ကြီးပဲ၊ သူက ဒီနေ့ အစည်းအဝေးသွားတာလို့သိရတယ် ၊ အခု အုပ်ကြီးနေတဲ့ရွာဘက်ကို စစ်တပ်နဲ့ ရဲတွေရောက် နေတယ်လို့ကြားတယ် ၊ သူက ခန့်ခဲ့တဲ့ရက်က CDM ဝန်ထမ်းတွေ စာရင်းလိုက်ကောက်တာတော့လုပ်ခဲ့သေးတယ်။”လို့ ဒေသခံတဦးကပြောပါတယ်။

ဖြစ်စဉ် ဖြစ်ပွားတဲ့ နေရာအနီးက ကျေးရွာတွေထဲက အိမ်တွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပိုက်စိပ်တိုက် စစ်ဆေးနေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတွေမှာ မော်လမြိုင်ကျွန်းမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦး ၊ စာရေး ၁ ဦး နဲ့ ကျိုက်လတ်မြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှူး ၁ ဦးတို့ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည်

Related posts

Leave a Comment

VOM News

FREE
VIEW