ကာဂျစ္စတန်နဲ့ တာဂျစ်ကစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြား၊ တိုက်ပွဲတွေကြောင့် လူ ၃၀ နီးပါးသေဆုံး

ဘစ်ရ်ှကက် ၊စက်တင်ဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

ကာဂျစ္စတန်-တာဂျစ်ကစ္စတန်နယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် လူ ၃၀ နီးပါးသေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပါတယ်။

ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်းကတည်းက နယ်နိမိတ်အငြင်းပွားနေတဲ့ ဆိုဗီယက်အဖွဲ့၀င်ဟောင်း အဲဒီနှစ်နိုင်ငံအကြား တိုက်ပွဲတွေပုံမှန်ဖြစ်ပွားလေ့ရှိပါတယ်။

နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေးကို သဘောတူထားကြပေမယ့်လည်း ယခုသီတင်းပတ်အစောပိုင်းမှာ စတင်ခဲ့တဲ့ တိုက်ပွဲအသစ်တွေဟာ စက်တင်ဘာ ၁၆ ရက်ထိ ဆက်လက်ဖြစ်ပွားနေပါတယ်။

အပစ်အခတ်ရပ်စဲရေးကိုချိုးဖောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုထားကြပါတယ်။ တိုက်ပွဲတွေကြောင့် ကာဂျစ္စတန်မှာ လူ ၂၄ ဦးသေဆုံးကြောင်း ကျန်းမာရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တာဂျစ်ကစ္စတန်ဘက်မှာတော့ အစောပိုင်း သတင်းတွေအရ လူသုံးဦးသေဆုံးခဲ့ပါတယ်။ တိုက်ပွဲတွေကို ရှောင်ရှားဖို့ ဒေသခံ နှစ်သောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသခံကြက်ခြေနီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

နှစ်နိုင်ငံအကြား ၂၀၂၁ ခုနှစ်ကလည်း မကြုံစဖူးတိုက်ပွဲများကြောင့် လူ ၅၀ နီးပါးသေဆုံးခဲ့ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေတယ်။

Ref: BBC
Photo:Frontier Post
#voiceofmyanmar #VOM #ဘစ်ရှ်ကတ်

Related posts

✕
VOM News

FREE
VIEW