စစ်ကိုင်းမြို့နယ်က ကျေးရွာတွေမှာ ၁၇ ရက်အတွင်း လူ ၇ ဦးထက်မနည်း ပစ်သတ်ခံရ

စက်တင်ဘာ ၊ ၁၇ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်က ကျေးရွာတွေမှာ အခုလ ၁ ရက်ကနေ ၁၇ ရက်နေ့အထိ လူ ၇ ဦးထက်မနည်း ပစ်သတ်ခံရပြီး သေဆုံးသူတွေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့ စစ်ကိုင်းမြို့ခံ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

” မနေ့ စက်တင်ဘာ ၁၆ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ဆင်မြေကျေးရွာမှာနေတဲ့ ဦးနန်းအောင်သူ (၅၀)နှစ် (ကျောက်ဖြတ်/ ဥယျာဉ်ခြံလုပ်ငန်းလုပ်ကိုင်သူ) နဲ့ ကိုဖြိုးမင်းသူ (၃၆)နှစ် (လေထိုးကျွတ်ဖာလုပ်ငန်း) သူတို့ ၂ ဦးဟာ နေအိမ်မှာ အိပ်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်းအဖွဲ့ လူ ၇ ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာထိပ်နေရာမှာ ပစ်သတ်ထားခဲ့တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အခုလ ၁၄ ရက် ၊ ည ၁၁ နာရီဝန်းကျင်အချိန်မှာ စစ်ကိုင်းမြို့နယ် ၊ အောင်စည်ပင်ကျေးရွာရဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ရာအိမ်မှူးဖြစ်သူ ဦးဝင်ခိုင်ဟာ နေအိမ်မှာ မိသားစုနဲ့အတူ အိပ်နေတဲ့အချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့ ရောက်လာပြီး ပစ်သတ်သွားတာ ဖြစ်ခဲ့ပါတယ်။

အခုလ ၁၂ ရက် ၊ ညနေ ၄ နာရီဝန်းကျင်ကလည်း စစ်ကိုင်းမြို့ ၊ နီလာရပ်ကွက် ၊ အမှတ် ၃ စစ်ကိုင်း ရွှေဘို ခရိုင်ချင်း ချိတ်ဆက်လမ်းမှာ အသက် ၂၀ ဝန်းကျင် အမျိုးသမီး တဦးနဲ့ အသက် ၃၀ ဝန်းကျင် အမျိုးသမီး တဦးတို့ဟာ မျက်နှာတွေ အဝတ်စီးပြီး ပစ်သတ်ခံထားရပြီး အဲ့ဒီ ရုပ်အလောင်း ၂ လောင်းဘေးမှာ အသက်ရှင်လျက် အသက် ၂ နှစ်ဝန်းကျင် ကလေးငယ်တယောက် တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

အခုလ ၈ ရက် ၊ နေ့လယ် ၁ နာရီဝန်းကျင်က စစ်ကိုင်းမြို့နယ် ၊ ထန်းတောကျေးရွာမှာနေတဲ့ ဦးဇော်ရဲအောင် ဆိုသူဟာ နေအိမ်မှာရှိနေတဲ့အချိန် အမည်မသိ လက်နက်ကိုင်အဖွဲ့ရောက်လာပြီး ဓားနဲ့ ခုတ်သတ်သွားတာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခုလ ၁ ရက် မနက် ၆ နာရီဝန်းကျင်က စစ်ကိုင်းမြို့ ၊ စည်တီးရပ်ကွက် ၊ ပုဂံလမ်းမှာ နေထိုင်တဲ့ ဦးကျော်နိုင် ဆိုသူဟာ မန်ကျည်းစင်ရပ်ကွက် ၊ တင်းထိပ်လမ်းဆုံနေရာမှာ အမည်မသိ လက်နက်ကိုင်၂ ဦးက ပစ်သတ်သွားခဲ့ပါတယ်။

စက်တင်ဘာလ ၁၅ ရက်အတွင်း ပစ်သတ်ခံရလို့ သေဆုံးသွားသူ ၇ ဦးနဲ့ ပတ်သက်လို့ သူတို့ဘာကြောင့် သေဆုံးရတယ်ဆိုတာ စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW