ရွှေလီမှာ ကိုဗစ်ပိုးတွေ့ များလာလို့ နေရာတော်တော်များများကို လော့ခ်ဒေါင်း သတ်မှတ်

စက်တင်ဘာ ၁၇၊ ၂၀၂၂
Shy V (VOM)

မြန်မာန်ုင်ငံရဲ့အရှေ့မြောက် စီးပွားရေးတံခါးပေါက်နဲ့ အဓိကကုန်သွယ်ရာ မြို့ ၁ မြို့ဖြစ်တဲ့ ရွှေလီမြို့မှာ ကိုဗစ် ပိုးတွေ့ လူနာများလာတာကြောင့် မနေ့စက်တင်ဘာ ၁၆ ရက်နေ့ တရုတ်စံတော်ချိန် ည ၁၂ နာရီကစပြီး နေရာတော်တော်များများ လော့ခ်ဒေါင်း သတ်မှတ်လိုက်​တယ်လို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။

“လော့ခ်ဒေါင်းက နေရာ ကွက်ကျား။”လို့ ရွှေလီရောက် မြန်မာ ကုန်သည် ၁ ဦးက ပြောပါတယ်။

ရွှေလီ အရှေ့ဘက် အမြန်လမ်းမကြီးလမ်းဆုံ မန်လန်ရွာ၊ အရှေ့ဘက် ရင်းမိန်ရွာ၊ ပန့်ပုံရွာ၊ ရွှေလီမြစ်ကမ်းတလျှောက် ကျယ်ခေါင်ကော်မိန်၊ လုံလင် တာတောက် လမ်းမကြီး၊ Heha ရွာ ၊ မြောက်ဘက်အဝေးပြေးလမ်းမကြီးအထိ ပါဝင်ပြီး မြို့ထဲလည်း နေရာ ၃၅ နေရာကို အသွားအလာ ကန့်သတ်ထား​တယ်လို့ အသိပေးထုတ်ပြန်စာနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အထက်ပါ ထိန်းချုပ်ထားတဲ့ နေရာတွေထဲ အပြင်လူမဝင်ရ၊ အထဲလူလည်း မထွက်ရဘဲ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအစာတွေကို တာဝန်ရှိသူတွေပို့ပေးမှာဖြစ်ပြီး ကန့်သတ်ထားတဲ့နေရာထဲ မပါတဲ့ နေရာတွေလည်း ကိစ္စမရှိဘဲ အပြင်မထွက်ရန်၊ ထွက်ရန်လိုအပ်ပါက ၄၈ နာရီအတွင်း ကိုဗစ်ပိုး စစ်ဆေးထားတဲ့အဖြေစာရွက်နဲ့ Qr Scan ဖတ်ဖို့ အသိပေး ထုတ်ပြန်ချက်မှာ ပါရှိတယ်လို့ သိရပါတယ်။

“တရုတ်ဘက်ကလူတွေရဲ့ အသက်ပဲ တန်ဖိုးထားတာ။ ဆင်းရဲပါစေ။ ရှိတာနဲ့စားမယ်ဆိုတဲ့ သဘော။ ရောဂါ အဖြစ်မခံဘူး။ ပြီးရင် သူတို့က လော့ခ်ဒေါင်း လို့တောင် မပြောတော့ဘူး။ အပြင်မထွက်ဘဲ တိတ်ဆိတ်ငြိမ်သက်စွာ နေပေးပါပေါ့နော်။” လို့ ရွှေလီမှာနေထိုင်တဲ့ မြန်မာ ကုန်သည် ၁ ဦး က ပြောပါတယ်။

အသွားအလာ ကန့်သတ်ထားတဲ့ နေရာတွေမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၂၁ ရက်နေ့ထိ ၅ ရက် သတ်မှတ်ထားပြီး နေ့စဉ် ရောဂါပိုးစစ်ဆေးသွားမှာ ဖြစ်ကာ လော့ခ်ဒေါင်းကာလက ပိုးတွေ့ ရှိမှု အဖြေပေါ်မူတည်နေတယ်လို့ သိရပါတယ်။

ဒီလို ကန့်သတ်သတ်ချက်ကြောင့် ရွှေလီမြို့နဲ့ တရုတ်ပြည်ထဲက တခြားမြို့ကြီးတွေ ကုန်တွေ သယ်ယူပို့ဆောင်လို့ မရတော့တာကြောင့် အွန်လိုင်းကနေတဆင့် မြန်မာဘက်ကနေ ရွှေလီဘက်ကို ပစ္စည်း မှာယူတင်သွင်းတဲ့ အမြန်ချောပို့စနစ် ခက်ခဲသွားတဲ့အပြင် ကြန့်ကြာသွားမယ့် အခြေအနေရှိတယ်လို့ မြန်မာကုန်ဂိတ်လုပ်ငန်းရှင်တဦးက ပြောပါတယ်။

“လက်ရှိမှာတော့ ရွှေလီမြို့နဲ့ အဓိက ဆက်သွယ် ကုန်သွယ်ရတဲ့ ဝမ်တိန် – ကျင်းစန်းကျော့ ဂိတ် ကတော့ ပုံမှန် လည်ပတ်ဆဲ ဖြစ်တယ်၊ ဘာမှမဖြစ်ပါဘူး”လို့ မြန်မာ သစ်သီး ပို့ကုန် လုပ်ငန်းရှင် တ ဦးက ပြောပါတယ်။

ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားလာချိန်ကစပြီး ရွှေလီမြို့နဲ့ ဆက်နွှယ်ကုန်သွယ်ရတဲ့ ဝမ်တိန် – ကျင်းစန်းကျော့ဂိတ်ဟာ အရှေ့မြောက်စီးပွားရေး တံခါးပေါက်ရဲ့အများဆုံး ကုန်သွယ်ရာ နေရာ ဖြစ်ပါတယ်။

အဲဒီ ဂိတ်ကို ကိုဗစ်ရောဂါကြောင့် လပေါင်းများစွာ ပိတ်ခဲ့ရပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းကမှ ကိုဗစ်သတ်မှတ်ချက်စည်းကမ်းနဲ့အညီ အစားထိုး ယာဉ်မောင်းစနစ်နဲ့ ပြန်လည်ဖွင့်လှစ်လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo- Local
#voiceofmyanmar #VOM #ရွှေလီ

Related posts

Leave a Comment

VOM News

FREE
VIEW