ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေ နိုင်ငံရေးအခြေအနေတွေကြောင့် ရပ်နားလာရ

စက်တင်ဘာ၊ ၁၈-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်းက ဟိုတယ်လုပ်ငန်းတွေဟာ နိုင်ငံရေး အခြေအနေတွေနဲ့ဆက်စပ်ပြီး အရှုံးနဲ့ ဆက်လက်ရင်ဆိုင်နေရတာကြောင့် ရှေ့ဆက်ရပ်တည်ဖို့ ခက်ခဲလာလို့ ရပ်နားလာရတယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေသိရပါတယ်။

ဟိုတယ်လုပ်ငန်းတွေဟာ ကိုဗစ်ကန့်သတ်မှုတွေနဲ့အတူ နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်တွေကြောင့် လာရောက်တည်းခိုသူ မရှိသလောက် နည်းပါးလာတာ၊ သက်ဆိုင်ရာက တင်းကြပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဧည့်သည်ဝင်ရောက်မှု နည်းပါးလာတဲ့အတွက် လုပ်ငန်းတွေရပ်နားလာကြရတာဖြစ်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းအတွင်းက ဟိုတယ်လုပ်ငန်း ၅၅ ရာခိုင်နှုန်းထက်မနည်း ရပ်နားထားပြီး နိုင်ငံရေးပြောင်းလဲမှု ဖြစ်စဉ်များဖြစ်ပွားပြီးနောက် ပြည်ပဧည့်သည်ဝင်ရောက်မှု မရှိတော့တဲ့အတွက် ပြည်တွင်း ခရီးသွားဧည့်သည်တွေကိုသာ အဓိကမှီခိုအားထားနေရတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ ဟိုတယ်လုပ်ငန်း ၄၅ ရာခိုင်နှုန်း လောက်သာ ရှေ့ဆက်လည်ပတ်နိုင်တော့တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

“အခု ပြည်တွင်းက ဧည့်သည်ကလည်း မဖြစ်မနေနဲ့ ဧရာဝတီတိုင်းဘက်ကို လာရမယ်ဆိုတာလောက်ပဲ ရှိတော့ပါတယ်၊ ကျန်တာတွေကတော့ မရှိသလောက် ရှားသွားပါပြီ၊ အဲ့ဒီလိုဖြစ်တာ လုပ်ငန်းရပ်နားလာတဲ့သူတွေကမနည်းဘူး ၊ကျွန်တော်တို့က ဟိုတယ်လုပ်ငန်းတွေကို တတ်နိုင်သရွေ့ကြိုးစားလုပ်ကိုင်ခဲ့ပါတယ် ၊ ဆက်တိုက် အရှုံးပေါ်နေတာကြောင့် နားလာရတာ ၊နိုင်ငံရေးပြောင်းလဲတဲ့ဖြစ်စဉ်နဲ့ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် အဓိကပါတယ် ၊ လက်ရှိတော့ အချို့လုပ်ငန်းရှင်တွေက မနည်းကြိုးပမ်းလုပ်ကိုင်နေတယ် ၊သူတို့လည်း ညည်းနေတယ် သိပ်မကြာတော့ဘူးလို့ ပြောတယ်”လို့ ပုသိမ်မြို့ကဟိုတယ်လုပ်ငန်းရှင်တဦးကပြောပါတယ်။

ဒါ့အပြင် ဟိုတယ်လုပ်ငန်းတွေဟာ လျှပ်စစ်မီး မမှန်တဲ့အတွက် စက်သုံးဆီကို အဓိက အသုံးပြုလည်ပတ်နေရတာ၊ အထွေထွေကုန်စရိတ် အဆမတန် မြင့်တက်လာတာကြောင့် လည်ပတ်လက်စ လုပ်ငန်းတွေ ဆက်လက်လည်ပတ်ဖို့ ပိုပြီး အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“မိသားစု အပန်းဖြေတယ်ဆိုတဲ့ ခရီးသည်က မရှိသလောက်ကို ဖြစ်နေတယ် ၊အခုလာတည်းတဲ့ ခရီးသွား ဧည့်သည်တွေအများစုက အလုပ်ရှိတဲ့ လူတွေလောက်ပဲ သွားကြလာကြတော့တာ ၊အလုပ်အတွက် မဖြစ်မနေ သွားရမယ့် ခရီးသည်တွေ လောက်ပဲ သွားကြတော့တယ် ၊ဟိုတယ်လုပ်ငန်းတွေမှာ အကြီးမားဆုံး ပြဿနာက မီးမှန်မှန် မရတာဘဲ၊ မီးမှန်မှန် မရတဲ့အတွက်ကြောင့် စက်သုံးဆီတွေနဲ့ အချိန် တော်တော်များများကိုလည်ပတ်ရတယ် ၊ ဒီလို လည်ပတ်ရတဲ့အခါ စက်သုံးဆီ ဈေးနှုန်းမြင့်တဲ့ အတွက် ကိုယ့်ရတဲ့ ဝင်ငွေနဲ့က လုံးဝ မကိုက်ဘူး ကိုယ့်အတွက် မကျန်ဘူး အဲ့ဒီလိုမျိုး ဖြစ်နေတယ် ၊ ကြိုးစား ပမ်းစား လည်ပတ်နေပေမယ့် ပိုပြီးအခက်ကြုံလာတယ် ”လို့ ချောင်းသာကမ်းခြေက ဟိုတယ်လုပ်ငန်းရှင်တဦး ကပြောပါတယ်။

ဟိုတယ်လုပ်ငန်းတွေ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိတော့တဲ့အတွက် ကျွမ်းကျင်ဝန်ထမ်းတွေကို လျော့ချထားရသလို တချို့ဝန်ထမ်းတွေကိုတော့ လစာလျော့ချတာနဲ့ ထုတ်ပယ်တာတွေလုပ်ဆောင်လာကြရတယ်လို့ သိရပါတယ်။

“အဝင် ဧည့်သည်မရှိတော့တဲ့အချိန်မှာ ဟိုတယ်မှာ ခန့်ထားတဲ့ ဝန်ထမ်းတွေကို ၃ ပုံ ၁ ပုံအလှည့်ကျစနစ်နဲ့ ခွင့်ရက်ရှည်ပေးပြီး အလုပ်နားခိုင်းတာမျိုးတွေ ရှိလုပ်လာတယ် ၊ လစာ လျော့ချထားတဲ့ ဝန်ထမ်းတွေ လည်းမနည်းရှိလာတယ် ၊ဟိုတယ်လုပ်ငန်းမှာဧည့်သည်က အဓိကလေ ဧည့်သည်မရှိရင် ကျွန်တော်တို့အတွက် ဘယ်လိုမှအဆင်မပြေဘူး၊ အခုက ဧည့်သည်ဝင်ရောက်မှု တလနဲ့ တလနည်းလာတယ်”လို့ ဟိုတယ်မန်နေဂျာတဦးကပြောပါတယ်။

ဧရာဝတီတိုင်းက ဟိုတယ်၊ မိုတယ်နဲ့ တည်ခိုခန်းတွေ ရပ်နားလာတာကြောင့် ဝန်ထမ်းလျော့ချလာတာ ၊လစာ လျှော့ချလာတာ ၊အလှည့်ကျစနစ်နဲ့ ခေါ်ယူလုပ်ကိုင်လာရတဲ့အတွက် အဲဒီလုပ်ငန်းတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မိသားစု ထောင်နဲ့ချီပြီး အလုပ်လက်မဲ့ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရတယ် လို့သိရပါတယ်။

“နှစ်တိုင်းတော့ စက်တင်ဘာလမှာ ဧည့်သည်ကလာလေ့ ရှိတယ် ၊ ဒီနှစ်တော့ စက်တင်ဘာလ ၁၅ ရက်ကျော်နေပြီ ဧည့်သည်က မရှိသလောက်ဖြစ်နေတယ် ၊အဲ့ဒီလိုဖြစ်လာတော့ ဝန်ထမ်းတွေလျှော့ချလိုက်တယ် ၊ဘာတတ်နိုင်မလည်း ဝန်ထမ်းက အလုပ်ရှင်ခန့်မှ အလုပ်ရမှာလေ ၊ အခက်အခဲကတော့ အလုပ်ရှိတဲ့အချိန်မှာတောင် ကုန်ဈေးနှုန်းတွေကြောင့်ခက်ခဲနေတာ ၊အလုပ်တာမလုပ်ရရင် ပိုကျပ်တည်းခက်ခဲလာဖို့ပဲရှိတယ်”လို့ ချောင်းသာကမ်းခြေကဟိုတယ်ဝန်ထမ်းတဦးက ပြောပါတယ်။

ငွေဆောင်ကမ်းခြေနဲ့ ချောင်းသာကမ်းခြေဟာ မြန်မာနိုင်ငံမှာ ပြည်တွင်းပြည်ပခရီးသွားပြည်သူအများဆုံး လာရောက်လည်ပတ်တဲ့ ကမ်းခြေတွေဖြစ်ပြီး ချောင်းသာကမ်းခြေမှာ ဟိုတယ် ၃၉ လုံးနဲ့ တည်ခိုခန်း ၅၉ လုံး၊ ငွေဆောင်ကမ်းခြေမှာတော့ဟိုတယ် ၃၃ လုံးနဲ့တည်ခိုခန်း ၄၆ လုံးရှိတယ်လို့သိရပြီး အခြားမြို့တွေ မှာလည်း ဟိုတယ်လုပ်ငန်းတွေ ရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဧရာ၀တီတိုင်း #ဟိုတယ်လုပ်ငန်း #နိုင်ငံရေးဖြစ်စဥ်ကြောင့်ရပ်နားလာရ

Related posts

Leave a Comment

VOM News

FREE
VIEW