ကလေးဝမြို့နယ်ထဲက မစိန်နယ်မြေရဲစခန်း အစီးခံရပြီး ရဲ ၅ ဦး သေဆုံး

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ မစိန်စံပြကျေးရွာမှာရှိတဲ့ မစိန်နယ်မြေရဲစခန်းဟာ မနေ့ စက်တင်ဘာ ၁၈ ရက် မနက် ၅ နာရီဝန်းကျင်က ထိတွေ့တိုက်ပွဲဖြစ်ပြီး ရဲစခန်းကျကာ ရဲ ၅ ဦး သေဆုံးသွားတယ်လို့ ကလေးဝမြို့ခံတွေဆီက သိရပါတယ်။

” မနက် ၅ နာရီဝန်းကျင်မှာ တိုက်ပွဲစဖြစ်တယ် ၊ ၂ ဘက်ပစ်ခတ်တာ နာရီပိုင်းလောက်ကြာတယ် ၊ မနက် ၈ နာရီဝန်းကျင်မှာတော့ သေနတ်သံ မကြားရတော့ဘူး ၊ ရဲစခန်းကျသွားပြီး မီးရှို့ခံရတယ် ၊ ရွာထဲက လူတွေလည်း အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ် ၊ မနက် ၉ နာရီဝန်းကျင်မှာ စစ်တပ်ရောက်လာပြီး နယ်မြေရှင်းလင်းတာတွေ လုပ်နေတယ် ” လို့ မစိန်ရွာခံ တယောက်က ပြောပါတယ်။

အဲ့ဒီိ မစိန်နယ်မြေရဲစခန်း ထိတွေ့တိုက်ပွဲနဲ့ ပတ်သက်ပြီး ကလေးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က

” မစိန်စံပြကျေးရွာဆိုတာ ချင်းတွင်းမြစ်နဲ့ မဟာမြိုင်အကြားမှာရှိတယ် ၊ ကလေးဝမြို့နယ်အဆုံး ၊ မော်လိုက်မြို့နယ်အစ နေရာမှာပါ ၊ ရဲစခန်းနောက်ကြောဘက်က ကျောက်တောင်တွေရှိတယ် ၊ ရန်သူက အပေါ်စီကနေ စတိုက်တာပါ ၊ စခန်းမှူး ရဲအုပ် နေလင်းမြင့် အပါအဝင် ရဲ ၄ ဦး နဲ့ ရဲမိသားစုဝင် ၁ ဦး ကျဆုံးတယ်လို့ ကနဦး သိရတယ် ၊ စစ်ကြောင်းအဖွဲ့တွေက နယ်မြေရှင်းလင်းရေး ရောက်တဲ့အခါမှ အတည်ပြုနိုင်မှာ ” လို့ ပြောပါတယ်။

ဒါ့အပြင် မစိန်စံပြကျေးရွာမှာနေတဲ့ ဒေသခံ တယောက်ကလည်း ” စခန်းမှူး ရဲအုပ် နေလင်းမြင့်ဆိုတာ မစိန်ကိုရောက်တာ မကြာသေးဘူး ၊ ခန္တီးဘက်ကနေ ပြောင်းလာတာလို့ ကြားရတယ် ၊ မစိန်ဆိုတာ သူ့အတွက် နယ်စိမ်းဖြစ်နေတယ် ၊ ရွာထဲမှာ ဓားထိုးမှုဖြစ်တယ်ဆိုပြီး အဲ့ဒီ ဓားထိုးမှုကို ရဲတွေသွားစစ်နေတဲ့အချိန်မှာ စခန်းမှာ လူအင်အား နည်းသွားတယ် ၊ အဲ့ဒီအချိန် ဝင်စီးခံရတာဖြစ်တယ် ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အခုလ ၁၂ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ညောင်ဖြူပင် စံပြကျေးရွာ ၊ ညောင်ဖြူပင်ရဲကင်းစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၂ ဦးဟာ ရွာထဲက တာရိုစျေးမှာ စျေးဝယ်နေတဲ့အချိန် ပစ်သတ်ခံရတာ ဖြစ်ပွားခဲ့တယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ စျေးနားက လက်ဘက်ရည်ဆိုင်ထဲမှာ ဆားလင်းကြီးမြို့မရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ပစ်သတ်ခံရတာ ဖြစ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရေဦးခရိုင် ၊ တန့်ဆည်မြို့ ၊ မြို့ဝင် စစ်ဆေးရေးဂိတ်နာမှာ ပြီးခဲ့တဲ့ သြဂုတ်လထဲက ရဲကားအပစ်ခံရပြီး ရဲ ၅ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ် ၊ နှစ်ဦးပိုင်း ဆောင်ရာသီမှာ မော်လိုက်ခရိုင် ၊ ဖောင်းပြင်မြို့နယ် ၊ အောက်တောင်းကျေးရွာ ၊ ချင်းတွင်းမြစ်ကြောင်းဘေးက အောက်တောင်း ရဲကင်းစခန်းနဲ့ မဟာမြိုင်တောစပ်နေရာက မှိုင်းချောင်း ရဲကင်းစခန်း ၂ ခု ကျရှုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း သေဆုံးခဲ့တာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ကလေးဝရဲကင်း #မစိန်နယ်မြေရဲကင်းအစီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW