ထိုင်၀မ်ကို တရုတ်ကတိုက်ခိုက်လာရင် အမေရိကန်က ကာကွယ်ပေးသွားမယ်လို့ ဂျိုးဘိုင်ဒင် ထပ်မံပြောဆို

၀ါရှင်တန်၊ စက်တင်ဘာ-၁၉-၂၀၂၂
မျိုးဆက်(VOM)

ထိုင်၀မ်ကို တရုတ်နိုင်ငံက မကြုံစဖူးပုံစံမျိုးနဲ့တိုက်ခိုက်လာမယ်ဆိုရင် အမေရိကန်က ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က စက်တင်ဘာ ၁၈ ရက်မှာ ထပ်မံပြောဆိုလိုက်ပါတယ်။

စီဘီအက်စ် သတင်းဌာနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာ အမေရိကန်စစ်တပ်က ထိုင်၀မ်ကို ခုခံကာကွယ်ပေးသွားမှာလားဆိုပြီး မေးမြန်းမှုအပေါ် ဂျိုးဘိုင်ဒင်က အခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်ရဲ့ ထိုင်၀မ်မူဝါဒဟာ ထိုင်၀မ်ကို ခုခံကာကွယ်ပေးသွားမယ်လို့ တရား၀င်ကတိက၀တ်ပြုထားတာမျိုး မရှိသလို ကာကွယ်ပေးသွားမယ်ဆိုတဲ့ကိစ္စကိုလည်း ပယ်ချထားခြင်းမရှိပါဘူး။

ထိုင်၀မ်ဟာ တရုတ်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းဖြစ်ပြီး တရုတ်နိုင်ငံကတော့ သူ့ရဲ့ အစိတ်အပိုင်းတရပ်အဖြစ် အခိုင်အမာပြောဆိုထားပါတယ်။

အမေရိကန်ဟာ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး သံတမန်ရေးရာ အကျဉ်းအကြပ်မှာ ကာလရှည်ကြာ လျှောက်လှမ်းနေခဲ့ပြီး တဘက်မှာတော့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအခြေခံအုတ်မြစ်ဖြစ်တဲ့ တပြည်ထောင်မူဝါဒကို အသိအမှတ်ပြုထားရပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ ဒီမူဝါဒအရ ထိုင်၀မ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းဆိုတဲ့ မူဝါဒကို စိန်ခေါ်ခြင်းမရှိပါဘူး။

ဒါကြောင့် အမေရိကန်ဟာ ထိုင်၀မ်နဲ့ တရား၀င်သံတမန်ဆက်ဆံရေးမထားရှိခဲ့ကြောင်း၊ ဒါပေမယ့် ခုခံကာကွယ်ဖို့ နည်းလမ်းတွေ ပေးရမယ်ဆိုတဲ့ ထိုင်၀မ်ဆက်ဆံရေးအက်ဥပဒေအရ ထိုင်၀မ်ကို လက်နက်တွေရောင်းချတာအပါအ၀င် နီးကပ်တဲ့ဆက်ဆံရေးကိုထိန်းသိမ်းထားတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ပြောဆိုပါတယ်။

ထိုင်၀မ်ကို တရုတ်က တိုက်ခိုက်လာရင် အမေရိကန်က စစ်ရေးအရ ကြား၀င်သွားမယ်လို့ သမ္မတဂျိုးဘိုင်ဒင်က မေလအတွင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:CBS/AP/Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW