မုံရွာ-ကလေးဝ-တမူးကားလမ်း ရေတိုက်စားပြီး သွားလာမရလို့ ကားလိုင်းတွေပိတ်ထားရ

စက်တင်ဘာ ၊ ၁၉ ၊ ၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ ပျဥ်းကိုင်းကျေးရွာနားက မုံရွာ-ကလေးဝ-တမူး ကားလမ်းဟာ ရေတိုက်စားပြီး လမ်းတွေပျက်စီးနေတဲ့အတွက် သွားလာလို့မရတာကြောင့် ကားလိုင်းတွေပိတ်ထားတယ်လို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” မနေ့ စက်တင်ဘာ ၁၈ ရက် ညပိုင်းက ရွာတဲ့မိုးဟာ သဲချောင်းတွေအကုန်ကျပြီး ကွန်ကရစ်လမ်းသား တိုက်စားသွားတယ် ၊ ကားတချို့လည်း အဲ့ဒီ သဲချောင်းတွေမှာ ပိတ်မိထားနေတယ် “လို့ မုံရွာ-ကလေးဝ-တမူး ကုန်တင်ကားသမားတယောက်က ပြောပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်း ပိတ်ထားတာနဲ့ ပတ်သက်ပြီး မုံရွာအခြေစိုက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တယောက်က ” အခါတိုင်းက အခုလို မိုးတွင်းမှာ မဟာမြိုင်ကားလမ်းပျက်တာကြောင့် မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းကို အဓိကထားပြီး ပြေးဆွဲတယ် ၊ ဂန့်ဂေါ-ကလေး ကားလမ်းပိုင်းက ဒီနှစ်မှာ ကားကြီးတွေသွားလို့မရဘူး ၊ လမ်းလယ်ခေါင်မှာ မိုင်းတွေကွဲထားပြီး ကျင်းကြီးတွေ ချိုင့်တွေဖြစ်နေတယ် ၊ အဲ့ဒါကြောင့် ဘယ်ကားမှ မသွားကြဘူး ၊ ဒီနှစ်အတွက် မဟာမြိုင်လမ်းကို အားပြုနေရတယ် ၊ အခု မဟာမြိုင်လမ်းက လမ်းတွေပျက်နေတော့ ယာဥ်လိုင်းတွေ ယာယီရပ်နားထားရတယ် “လို့ ပြောပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်းပိုင်းဟာ မုံရွာ တန့်ဆည် ကလေးဝ တမူး နဲ့ မုံရွာ မော်လိုက် ၊ ဖောင်းပြင် ဟုမ္မလင်း ခန္တီး လမ်းပိုင်းဖြစ်ပြီး နေ့စဥ် စားသောက်ကုန်စည်နဲ့ ကုန်စိမ်းတွေသယ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အဲ့ဒီ မဟာမြိုင်လမ်းပိုင်မှာ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်နေတယ်ဆိုပြီး ၄ ရက်ကြာ လမ်းပိတ်ထားခဲ့တယ်လို့ ကားသမားတွေဆီက သိရပါတယ်။

အဲ့ဒီ မဟာမြိုင်ကားလမ်းပိုင်း ပိတ်လိုက်တယ်ဆိုရင် မုံရွာ-မန္တလေးမှာရှိတဲ့ မိုးရေးကုန်တွေ စျေးနူန်းမြင့်တက်လေ့ရှိပြီး ကလေးဝ ၊ ကလေး ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း စတဲ့မြို့တွေဘက်မှာလည်း မီးဖိုချောင်သုံး စားသောက်ကုန်စျေးနူန်းတွေ မြင့်တက်လာတာကြောင့် အဲ့ဒီ မဟာမြိုင်လမ်းပိုင်းကို အမြန်ဆုံးပြုပြင်ပေးစေချင်တယ်လို့လည်း ဒေသခံ ကုန်သည်တွေက ပြောပါတယ်။

#voiceofmyanmar #VOM #မင်းကင်း

Related posts

Leave a Comment

VOM News

FREE
VIEW