ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့စျာပနကို ကန့်ကွက်မှုအဖြစ် ကိုယ့်ကိုကိုယ်မီးရှို့ဆန္ဒပြမှု ဖြစ်ပွား

တိုကျို၊ စက်တင်ဘာ-၂၁-၂၀၂၂
မျိုးဆက်(VOM)

ဇူလိုင်လမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနကို ကန့်ကွက်မှုအဖြစ် ဂျပန်အမျိုးသားတဦးဟာ စက်တင်ဘာ ၂၁ ရက်မှာ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ပါတယ်။

တိုကျိုမြို့ရှိ ၀န်ကြီးချုပ်ရုံးအနီးမှာ မီးလောင်နေတဲ့အမျိုးသားတဦးကို တွေ့ရှိခဲ့ပြီး တာ၀န်ရှိသူတွေက မီးငြှိမ်းသတ်ပြီးနောက် သတိလစ်နေတဲ့ အဲဒီအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ သူ့ရဲ့အနီးမှာ ဆန္ဒထုတ်ဖ်ာမနဲ့ပတ်သက်တဲ့ လက်ရေးမှတ်စုတွေကို တွေ့ရှိခဲ့ရတယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

သူ့ရဲ့ မီးလောင်ဒဏ်ရာ ပမာဏနဲ့ လက်ရှိအခြေအနေကို မသိရသေးပါဘူး။ အဲဒီအမျိုးသားဟာ အသက် ၇၀ ၀န်းကျင်ရှိမယ်လို့ ယူဆရကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ဒီလို ဆန္ဒပြမှုအပေါ် ဂျပန်အစိုးရက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတော်စျာပနကျင်းပမယ့် ကိစ္စအပေါ် မကြာသေးမီအချိန်တွေအတွင်း လူထုဆန့်ကျင်မှုများ ပိုမိုပြင်းထန်လာပြီး အသုံးစရိတ်အတွက် မကျေမနပ်ဖြစ်နေကြောင်း စစ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

၀န်ကြီးချုပ်ဟောင်းရှင်ဇိုအဘေးရဲ့ နိုင်ငံတော်စျာပနကို စက်တင်ဘာ ၂၇ ရက်မှာ ကျင်းပသွားမှာ ဖြစ်ပြီး အခမ်းအနားအတွက် ဒေါ်လာ ၁၁ ဒသမ ၄ သန်းကျော် ကုန်ကျမယ်လို့ခန့်မှန်းထားပါတယ်။

Ref: BBC
Photo:Kyodo
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW