ခင်ဦးစျေးထဲမှာ ရဲမေ ၁ ဦး ပစ်သတ်ခံရ၊စစ်ကိုင်းတိုင်းမှာ အခု ၁ ပတ်အတွင်း ရဲ ၁၀ ဦးထက်မနည်း သေဆုံး

စက်တင်ဘာ ၊ ၂၂-၂၀၂၂
SP(VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ခင်ဦးမြို့ ၊ ခင်ဦးစျေးထဲမှာ ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်က စျေးဝယ်နေတဲ့ ရဲမေ ၁ ဦး ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံစျေးသည်တွေဆီက သိရပါတယ်။

” ခင်ဦးမြို့နယ် ၊ မြို့နယ်ရဲတပ်ဖွဲ့က ရဲမေ မချို ပစ်သတ်ခံရတာပါ ၊ သူစျေးဝယ်​နေတုန်း အမည်မသိ သေနတ်သမား ၂ ယောက်က ပစ်သတ်သွားတာဖြစ်တယ် ” လို့ ရဲအသိုင်းအဝိုင်းက ပြောပါတယ်။

စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူ တယောက်က ” အခု ၁ ပတ်အတွင်း ရဲတပ်ဖွဲ့ဝင် ကျဆုံးမှု အရေးအတွက်ဟာ ၁၀ ဦးထက်မနည်းရှိတယ် ၊ အခုလ ၁၉ ရက်မနက်ပိုင်းက ကလေးခရိုင် ၊ ကလေးဝမြို့နယ် ၊ မစိန်နယ်မြေရဲစခန်း ဝင်စီးခံရတယ် ၊ စခန်းမှူး ရဲအုပ်နေလင်းမြင့် အပါအဝင် ရဲတပ်ဖွဲ့ဝင်နဲ့ ရဲမိသားစု ၇ ဦးကျဆုံးတယ် ၊ အရင်နေ့ကလည်း မုံရွာခရိုင် ၊ အရာတော်မြို့နယ် ၊ နောင်ကြီးအိုင် ရဲကင်းစခန်းက တပ်ဖွဲ့ဝင် တယောက် မိုင်စထိမှန် ကျဆုံးတယ် ၊ ပြီးခဲ့တဲ့ အပတ်ထဲကလည်း မုံရွာမြို့နယ် ညောင်ဖြူကျေးရွာ ၊ ညောင်ဖြူပင် ရဲကင်းစခန်းက ရဲတပ်ကြပ်ကြီး သန်းလှိုင် အပါအဝင် ရဲ ၂ ဦး ကျဆုံးတယ် ၊ ဒီမနက်လည်း ခင်ဦးစျေးထဲမှာ ရဲမေ တယောက် ပစ်သတ်ခံရတယ်လို့ ကနဦးကြားရတယ် ၊ အခုပတ်ထဲမှာ ရေဦးခရိုင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီ ဒုရဲမှူးကြီး တဦးလည်း သူ့ကိုယ်သူ သတ်သေသွားတာရှိတယ် “လို့ ပြောပါတယ်။

အဲ့ဒီ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးရတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့တွေက မှုခင်းမှတ်တမ်းရေးဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ လတွေတုန်းကလည်း စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာ စျေးဝယ်ထွက်လာတဲ့ ရဲ ၄ ဦး ၊ ရေဦးခရိုင် ၊တန့်ဆည်မြို့ ၊ မြို့ဝင်စစ်ဆေးရေး ဂိတ်တာဝန်ကျ ရဲ ၅ ဦးနဲ့ မုံရွာမြို့နယ် ၊ ညောင်ဖြူပင်ရွာ မုံရွာ အမြင့် တောကျောင်းကြီး ကားလမ်းမှာ ပိတ်ဆို့ရှာဖွေရေးလုပ်နေတဲ့ ညောင်ဖြူပင်ရဲကင်းစခန်းမှူး ရဲအုပ် အောင်မျိုးတို့လည်း ပစ်ခတ်ခံရပြီး သေဆုံးသွားတာ ဖြစ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း

Related posts

Leave a Comment

VOM News

FREE
VIEW