ဟိုင်းကြီးကျွန်းမှာ ရခိုင်တိုင်းရင်းသား ၇ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ၊ ၂၂-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာ နေထိုင်နေတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား ၇ ဦးကို သက်ဆိုင်ရာကဖမ်းဆီးထားတယ်လို့ ဒေသတွေဆီကနေ သိရပါတယ် ။

“အဖမ်းခံရတာ ၇ ယောက် ရှိပြီ လူငယ် ၃ ယောက်က ၁၅ ရက်နေ့က ဖမ်းခံရတာ၊ မနေ့က ထပ်ဖမ်းတာက ၄ ယောက်၊ သူတို့ လာဖမ်းတဲ့သူမရှိလို့ မိဘတွေကို ဖမ်းသွားတာ ၊ ဆိုင်ကယ်စစ်မလို့ဆိုပြီး တားတော့ ရွာထဲဝင်လာပြီး ဖမ်းသွားတာ ၊ အဖမ်းခံရတဲ့သူတွေက ရခိုင်လူမျိုးတွေပါ ဟိုင်းကြီးကျွန်းမှာနေတဲ့သူတွေ ၊ ဖမ်းရတာ အခြားကိစ္စရှိလိမ့်မယ်လို့ ထင်တယ်၊ ရွာထဲမှာလည်း လုံခြုံရေးတွေ ရှုပ်ယှက် ခက်နေတယ်။” လို့ ဒေသခံတယောက်ကပြောပါတယ် ။

ဖမ်းဆီးခံရတဲ့ ရခိုင်လူမျိုး ၇ ယောက်မှာ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသား ၃ ယောက်ဖြစ်ပြီး သူတို့တွေကို ဟိုင်းကြီးကျွန်းအခြေစိုက်ပမ္မဝတီရေတပ်စခန်းဌာနချုပ်ကို ခေါ်ဆောင်သွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့သူတွေဆီကနေသိရပါတယ်။

“ဖမ်းဆီးခံရသူတွေနဲ့ မနေ့ကအထိ အဆက်အသွယ်မရသေးဘူး ၊ဖမ်းဆီးခံရသူတွေကို တပ်သားတွေက ဟိုင်းကြီးကျွန်းအခြေစိုက်ပမ္မဝတီရေ တပ်စခန်းဌာနချုပ်ကို ခေါ်သွားတာလို့ပဲသိရတာ၊ ဇီးချိုင်ကျေးရွာကိုလည်း တပ်ဖွဲ့တွေက ပိတ်ဆို့ထားပြီး ရွာထဲကို ကား၊ ဆိုင်ကယ်တွေနဲ့ ကင်းလှည့်နေတယ် ၊ကျေးရွာမှာရှိတဲ့လူငယ်တွေ မနေရဲတော့တဲ့အခြေအနေ ဖြစ်နေတယ်။”လို့ အမည်မဖော်လိုတဲ့ ဒေသခံတယောက်ကပြောပါတယ်။

ဖမ်းဆီးသွားတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသား ၇ ဦးကို ဘယ်မှာထားတယ်ဆိုတာနဲ့ ဘာကြောင့် ဖမ်းတယ်ဆိုတာကို သေချာသိရှိရဖို့အတွက် VOMကသက်ဆိုင်ရာကို ဆက်သွယ်ပေမယ့် လတ်တလောအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းက ဇီးချိုင်ကျေးရွာအနီးမှာ လက်လုပ်သေနတ် ၂လက် နဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့ပြီးနောက် အခုလိုအဖမ်းခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားလာတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ် ။

ဒါ့အပြင် ဇီးချိုင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး ၁ ဦးကိုလည်း မေးမြန်းစရာရှိတယ်ဆိုပြီး သက်ဆိုင်ရာက ခေါ်သွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ဟိုင်းကြီးကျွန်း #ရခိုင်၇ဦးဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW