ကားပွဲစား အမျိုးသမီးကို ကားလုပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ၄ ဦးကို သေဒဏ်ချ

စက်တင်ဘာ ၂၃ ၊ ၂၀၂၂
SP(VOM)

ရှမ်းပြည်နယ် မြောက်ပိုင်း ၊ မူဆယ်ခရိုင် ၊ မူဆယ်မြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်းက ကားပွဲစား အမျိုးသမီးဆီက ကားလုယူပြီး မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့အမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို မူဆယ်ခရိုင်တရားရုံးက ဒီကနေ့ မနက်ပိုင်းမှာ သေဒဏ်ချမှတ်လိုက်တယ်လို့ တရားရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက် ၁၁ နာရီဝန်းကျင်က အမိန့်ချလိုက်တာပါ ၊ အမိန့်ချခံရသူတွေကတော့ ချောက်ရို့ ၊ မောင်ထွေး (ခ) အားရှန် နဲ့ အားရှင် (ခ) မြင့်ဦး တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၉၂အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ် lရာဇသတ်ကြီးပုဒ်မ ၃၇၆(၁)အရ ထောင်ဒဏ် ၂၀နှစ်နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (ဂ) ၃၄ အရ သေဒဏ်ဖြင့် သီးခြားကျခံစေဖို့ စီရင်ချက်ချမှတ်ခဲ့ပြီး အားချန် (ခ)သိန်းဦးဆိုသူကို ရာဇသတ်ကြီးပုဒ်မ ၃၉၂/၁၁၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၀ နှစ်အသီးသီးချမှတ်လိုက်တာဖြစ်တယ် “လို့ မူဆယ်မြို့ခံ ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့ဝင် အရာရှိ တယောက်က ” မှုခင်းဖြစ်စဥ်မှာ သေဆုံးသွားရတဲ့ ကားပွဲစားအမျိုးသမီးဟာ အသက် ၂၁ နှစ်အရွယ် ခိုလုံလီရှောတိုင်းရင်းသူတဦးဖြစ်တယ် ၊ ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့ ညနေပိုင်း ၃ နာရီဝန်းကျင်မှာ လူတစ်ယောက်က ကားကြည့်ချင်တယ် ပြပေးဖို့ဆိုပြီး ဖုန်းဆက်လာတယ် ၊ အဲ့ဒါကြောင့် ကားသွားပြရာကနေ မိသားစုနဲ့ အဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးနေတာကြောင့် သူ့မိသားစုက ရဲစခန်းကိုလာပြီး အကူအညီတောင်းတယ် ၊ နောက်တနေ့ ပြီးခဲ့တဲ့ မတ် ၁၃ ရက် မနက်ပိုင်းမှာ အဲ့ဒီ ကားပွဲစားအမျိုးသမီးရဲ့ ရုပ်အလောင်းဟာ မူဆယ်မြို့ စွမ်စော်ရပ်ကွက် ကချင်သင်္ချိုင်းထဲကနေ ပြန်တွေ့ရတယ် ၊ အဲ့ဒါနဲ့ပတ်သက်ပြီး သံသယဖြစ်ဖွယ်ရာ လူ ၄ ဦးကို အချိန်တိုအတွင်း ဖမ်းဆီးစစ်ဆေးပြီး တရားစွဲဆိုခဲ့တာ ဒီကနေ့မှာပဲ အမှုကို အပြီးသတ်ချရတယ် “လို့ ပြောပါတယ်။

မူဆယ်မြို့နယ်ထဲမှာ အမှုပြီးပြတ်ခြင်းမရှိသေးဘဲ တရားရင်ဆိုင်ဆဲ လူသတ်၊ ဓားပြ နဲ့ လူသတ်၊လုယက်မှုပေါင်း ၇ မှုထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ်

Related posts

Leave a Comment

VOM News

FREE
VIEW