ပုသိမ် အ-မ-ကကျောင်းက ဆရာမကိုဗစ်ကူးစက်ခံရပေမယ့် ကျောင်းကို ဆက်ဖွင့်ထားလို့ မိဘတွေစိုးရိမ်နေ

စက်တင်ဘာ ၂၄-၂၀၂၂
မင်းမြတ် (VOM)

ဧရာတီတိုင်း ၊ ပုသိမ်မြို့ အ-မ-က ၂၄ကျောင်းမှာတာဝန်ကျပြီး စာသင်နေတဲ့ ကျောင်းဆရာမ ၁ ယောက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကျောင်းကို မပိတ်ဘဲ ဆက်ဖွင့်နေလို့ ကျောင်းသား ၊ ကျောင်းသူတွေရဲ့ မိဘ တွေက စိုးရိမ်နေကြတယ်လို့ ကျောင်းသားမိဘတွေ ဆီကနေ သိရပါတယ် ။

အမှတ် ၂၄ အ-မ-က စာသင်ကျောင်းမှာ စာသင်နေတဲ့ ကျောင်းဆရာမဖြစ်သူရဲ့အမျိုးသား ချောင်းဆိုးတာ ၊ သွေးအန်တာတွေဖြစ်နေလို့ ဆေးရုံသွားပြရင်း ဆရာမကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတာရှိ၊မရှိ စစ်ဆေးတဲ့အခါ ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆရာမနဲ့ အတူနေထိုင်တဲ့ သူတွေကို ဟုမ်းကွာရန်တင်းထားရှိကာ စာသင်ကျောင်းကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ ဆက်ဖွင့်ထားတာကြောင့် အဲ့ဒီကျောင်းမှာ တက်နေတဲ့ ကျောင်းသား ကျောင်းသူတွေရဲ့မိဘတွေက စိုးရိမ်နေကြတာလို့ သိရပါတယ် ။

”စာသင်ကျောင်းကို ပိတ်တာတွေ ခဏရပ်တာတွေ မလုပ်ဖူး ဆက်ဖွင့်ထားတယ် ၊ ကလေးတွေအတွက် စိုးရိမ်တယ် ၊ကိုဗစ်ကူးစက်ခံရရင် မနိုင်မနင်း အကုန်ဖြစ်ကုန်လိမ့်မယ် ၊ ကိုယ့်သားသမီးကိုယ် အသေမခံနိုင်ဘူး ၊ သွားခေါ်တာလည်းမရဘူး၊ စိုးရိမ်တယ် ဘာလုပ်ရမှန်းကို မသိဘူးဖြစ်နေတယ် ၊ ဆရာမ ၁ ယောက်ဆီမှာ ပိုးတွေ့တာဟာ ဒီလိုမထားသင့်ဘူး။”လို့ ပုသိမ် မြို့ခံ ကျောင်းသားမိဘတဦးကပြောပါတယ်။

စာသင်ကျောင်းကို မပိတ်ဘဲ ကျောင်း ၁ ကျောင်းလုံးကို ပိုးသတ်ဆေး ဖြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နဲ့ ပုသိမ်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးတို့ပါတဲ့ အဖွဲ့က ကျောင်းသား ၊ ကျောင်းသူအချို့ရဲ့ မိဘတွေကိုခေါ်ယူတွေ့ဆုံပြီး ကျောင်းသား/ကျောင်းသူတွေ ကို Mask တပ်တာ၊ လက်ဆေးတာတွေ လုပ်ပေးကာ ကျောင်းကိုဆက်ဖွင့်နေတာဖြစ်တယ်လို့ သိရပါတယ်။

”ပိုးတွေ့တဲ့ စာသင်ကျောင်းမှာတက်နေတဲ့ ကလေးတွေရဲ့မိဘတွေက စိုးရိမ်တယ် ၊ ဒါနဲ့ ကျောင်းကို ရောက်ရှိလာခဲ့ကြတယ် ၊ ပုသိမ်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနဲ့ အခြားတာဝန်ရှိတဲ့သူတွေပါတဲ့အဖွဲ့က ကျောင်းသား ကျောင်းသူတွေရဲ့ မိဘတွေကို ဆရာမ ကိုဗစ်ကူးစက်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ နားလည်သဘောပေါက်အောင်ရှင်းလင်းပြောကြားတာတွေ လုပ်ထားတယ် ၊ စာသင်ကျောင်းကတော့ ကိုဗစ်ကာကွယ်ရေးလုပ်ငန်းတွေလုပ်ပြီး ဆက်ဖွင့်နေတာပါ။”လို့ ပညာရေး ဝန်ထမ်းတဦးကပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိတဲ့ ဆရာမနဲ့ အတူနေတဲ့သူတွေကို ရောဂါပိုးရှိ ၊ မရှိ စစ်ဆေးတဲ့အခါ ၃ ကြိမ်အထိ ရောဂါပိုး ကူးစက်ခံရတာမရှိဘူးလို့သိရပြီး ကိုဗစ်ကူးစက် မခံရပေမယ့် ကွာရန်တင်း ဆက်လက်ထားရှိကာ စောင့်ကြပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့အချိန်က ပုသိမ်မြို့နယ်ဟာ ကိုဗစ်-၁၉ရောဂါပိုး အများဆုံးကူး စက်ခံရပြီး အများဆုံး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့ရတဲ့မြို့နယ်ဖြစ်ပြီး စေတနာ့ဝန်ထမ်းတွေ မနိုင်းမနင်း မီးသဂြိုလ်ရတဲ့အထိဖြစ်ခဲ့တယ်မြို့နယ်ဖြစ်တယ်လို့ သိရပါတယ်။

အုတ်တွင်းမြို့ ကြက်သွန်ခင်း ၂ ရပ်ကွက်မှာနေထိုင်ပြီး အ.ထ.က အုတ်တွင်းကျောင်းမှာ တက်ရောက်နေတဲ့ ၇ တန်း ကျောင်းသူတဦးဟာ စက်တင်ဘာ ၅ ရက်က ကျောင်းဝန်းအတွင်း ကစားနေချိန် သတိလစ်မူးလဲကျပြီး နေပြည်တော်ကုတင် ၁၀၀၀ ကို ပို့ဆောင်ကုသမှုခံယူနေချိန် စက်တင်ဘာ ၆ ရက်မှာ ကိုဗစ်ရောဂါနဲ့ သေဆုံးခဲ့ရတာလည်း ရှိခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရသိရပါတယ် ။

#voiceofmyanmar #VOM #ပုသိမ်

Related posts

Leave a Comment

VOM News

FREE
VIEW