ဖျာပုံမှာ ထွေ/အုပ်ဝန်ထမ်းအမျိုးသမီးတဦးကို အကြမ်းဖက်ပုဒ်မ ၅၂-(ည)နဲ့ ထောင် ၃နှစ်ချ

စက်တင်ဘာ ၂၄-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ထွထွေ အုပ်ချုပ်ရေးဦးစီး ဌာနကရုံး ဝန်ထမ်းအမျိုးသမီး ၁ ယောက်ကို မနေ့ စက်တင်ဘာ၂၃ ရက်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်ကနေသိရပါတယ်။

ဖျာပုံမြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စာရေးဝန်ထမ်း မသဇင်အေး ဆိုသူကို သက်ဆိုင်ရာက သူရဲ့လက်ကိုင်ဖုန်းထဲကနေ တရားမဝင်အဖွဲ့အစည်းတွေ နဲ့ ပတ်သက်မှုရှိတာတွေကို တွေ့ရှိရတယ်ဆိုပြီး အခုနှစ် မေလက ဖမ်းဆီးခဲ့တာလို့ သိရပါတယ် ။

အဲ့ဒီ့လို အဖမ်းခံရပြီး တရားစွဲဆိုကာ ၉ လနီးပါးစစ်ဆေးပြီးနောက် ဖျာပုံမြို့နယ်တရားရုံးက အကြမ်း ဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂-(ည)နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့တာဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံရတဲ့ မသဇင်အေး ဟာ ဖျာပုံမြို့ အမှတ် ၁၇ ရပ်ကွက်မှာနေထိုင်သူဖြစ်တယ်လို့ သိရပါတယ်။

”မသဇင်အေး က ၁၇ ရပ်ကွက်မှာနေတာ ထောင်ဒဏ်ချမှတ်ခံရတာမှန်တယ် မနေ့က အမိန့်ချတာ ၊ ဖျာပုံမြို့နယ် တရားရုံးက ထောင်ဒဏ်ချမှတ်တာ ၊ သူက ထွေအုပ်စာရေးပါ ၊ တဖက်အဖွဲ့တွေနဲ့ ပက်သက်ဆက်သွယ်တာတွေ သူ့ဖုန်းထဲမှာတွေ့လို့ မသင်္ကာလို့ အဖမ်းခံရပြီး အခုလို အမိန့်ချမှတ်ခံရတဲ့အထိ ဖြစ်တာပဲ။”လို့ တရားရုံးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ဝန်ထမ်း အမျိုးသမီးရဲ့လုပ်ဖော်ကိုင်ဖက်တဦးက” ဒီလို ပုဒ်မနဲ့ ဒီလောက်ပြစ်ဒဏ်ချမှတ်ခံရတာ ထင်တောင် မထင်ဘူး ၊ အံသြသွားတာ ဟုတ်ပါ့မလားပေါ့ စိတ်ထဲလည်း အတော်မကောင်းဘူး ၊ သူကဘာမှလည်း လုပ်မထားဘဲလေ ၊ သူတို့မိသားစုက နွမ်းပါးတယ်လေ ၊ အပြည့်စုံတော့ အမှုကိစ္စတွေမှာလည်း အင်တိုက် အားတိုက် မလိုက်နိုင်ခဲ့ဘူး ။”လို့ ပြောပါတယ်။

ဖျာပုံမြို့နယ်မှာ အစိုးရဝန်ထမ်းတယောက် တာဝန်ထမ်းဆောင်နေရင်း အဖမ်းခံရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံရတာဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလ ဒုတိယ အပတ်လောက်က ဖျာပုံမြို့နယ်က လျှပ်စစ်ရုံးနဲ့ စိုက်ပျိုးရေးရုံးအနားမှာ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ လျှပ်စစ်ရုံးဝန်ထမ်း အမျိုးသား ၂ ယောက်ကိုလည်း သက်ဆိုင်ရာက မသင်္ကာလို့ဆိုပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ် ။

ဒါ့အပြင် ဖျာပုံမြို့နယ်မှာ တာဝန်ထမ်းဆောင်နေဆဲ ရဲတပ်ဖွဲ့ဝင်အချို့ကိုလည်း မသင်္ကာတဲ့အတွက် ဖမ်းဆီး စစ်ဆေးနေတာရှိတယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

#voiceofmyanmar #VOM #ဖျာပုံ

Related posts

Leave a Comment

VOM News

FREE
VIEW