ရေကြည်မှာ ၉ လအတွင်း နေအိမ် ၈၀ နီးပါးချိပ်ပိတ်ခံရတာမှာ ပညာရေးဝန်ထမ်းတွေရဲ့နေအိမ်တွေအများဆုံးဖြစ်နေ

စက်တင်ဘာ ၂၉-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း ၊ ရေကြည်မြို့နယ်မှာ ယခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလ ကုန်ပိုင်းထိ ၉ လအတွင်း ချိပ်ပိတ်သိမ်း ဆည်းခံရတဲ့ လူနေအိမ် ၈၀ နီးပါးအထိရှိတယ်လို့ နေအိမ် ချိပ်ပိတ် သိမ်းဆည်းခံရတဲ့ နေအိမ်ပိုင်ရှင်တွေဆီ ကနေ သိရပါတယ် ။

”ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေက CDM လုပ်ထားတဲ့ ပညာရေးဝန်ထမ်းတွေပိုင်တဲ့ နေအိမ်တွေ အများဆုံးပဲ ၊ ပုဒ်မ ပေါင်းစုံနဲ့ ချိပ်ပိတ်ထားတာတွေ့ရတယ် ၊ ဒီနှစ်ရဲ့ ကိုးလအတွင်းမှာ ချိပ်ပိတ်ခံရတဲ့နေအိမ်အလုံး ၈၀ နားနီးကပ်လာပြီ ၊ ချိပ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှိတွေကရူးမတတ်ဖြစ်တာတွေအထိရှိတယ် ။”လို့ အမည်မဖော်လို့တဲ့ ဒေသခံတက်ကြွလှုပ်ရှားသူတဦးကပြောပါတယ်။

ချိပ်ပိတ်ခံရတဲ့နေအိမ်တွေဟာ နိုင်ငံရေးတတ်ကြွ လှုပ်ရှားသူ ၁၉ ယောက်ရဲ့ နေအိမ် ၁၉ လုံး ၊NLD ပါတီဝင် ၂၈ ယောက်ရဲ့နေအိမ် ၂၈ လုံး နဲ့ ပညာရေးဝန် ထမ်း ၃၁ ယောက်ရဲ့နေအိမ် ၃၁ လုံးစုစုပေါင်း နေအိမ် ၇၈ ဖြစ်ပြီး ပညာရေး ဝန်ထမ်းတွေရဲ့နေအိမ်တွေအများ ဆုံးပါဝင် တယ်လို့ သိရပါတယ် ။

အိမ်ချိပ်ပိတ်ခံရတဲ့အတွက် နေစရာအိမ်မရှိ တော့တဲ့အပြင် အလုပ်အကိုင်လည်း မရှိတော့ ၊သူများအလုပ်ရုံရဲ့ဘေးမှာ အဖီဆွဲနေရတဲ့ အရင်က ပညာရေးဝန်ထမ်းတဦးက”

“အရင်ကတော့ ကျွန်မတို့က မြန်မာနိုင်ငံက အနန္တဂုဏ်အင်းကျေးဇူးရှင်တွေပေါ့ ၊ အခုတော့ ပညာရေးဝန်ထမ်း ဘဝကရခဲ့တဲ့ ငွေလေးနဲ့ စုဝယ်ထား တဲ့ အိမ်နဲ့ မြေကွက် ချိပ်ပိတ်ခံရလို့ သူများရဲ့ အလုပ်ရုံဘေးမှာ
အဖီဆွဲနေရတဲ့ သူတောင်းစား သာသာဘဝ ရောက်နေ တယ် ၊ စိတ်ထဲလည်း အတော်မကောင်းဘူး လုပ်ရက်လိုက်တာလို့လည်း စဉ်းစားမိတိုင်း မျက်ရည်ဝဲရတယ် ၊
ဒါပေမယ့် ဘယ်သူမပြု မိမိအမှုလိုပဲထားတယ် ၊ လူ့အသက်အသတ်ခံရတဲ့ သူတွေနဲ့ယှဉ်ရင် ကိုယ်က အသတ်မခံရသေးတော့ တော်သေးတယ် ။”လို့ နေအိမ် ချိပ်ပိတ်ခံရတဲ့ ပညာရေး ဝန်ထမ်း တဦးကပြောပါတယ်။

နေအိမ်ချိပ်ပိတ် ခံထားရတဲ့သူ အများစုက အကြမ်းဖက်ဥပဒေပုဒ်မ၊ မတရားအသင်းဆက်သွယ်မှု၊ နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်ကို အကြည်အညို ပျက်စေမှု စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့်ခံထားရတဲ့ သူတွေလည်း ပါဝင်သလို မည်သည့်ပုဒ်မနဲ့မျှ အမှုဖွင့် ခံထားရခြင်း မရှိတဲ့သူတွေရဲ့အိမ်တွေလည်း ပါဝင်နေတယ် လို့ သိရပါတယ် ။

နေအိမ်တွေ ချိပ်ပိတ်သိမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေတဦးက
” ချိပ်ပိပ် သိမ်းဆီးခံရတဲ့အိမ်တွေတော်တော်များများရှိနေတာ ဟုတ်တယ် ၊ အကြမ်းဖက်မှုဆိုင်ရာတိုက်ဖျက်ရေး ဥပဒေအရ စစ်ဆေးပေါ်ပေါက်လို့ ငြိစွန်းနေတဲ့အတွက် နည်းဥပဒေအရသိမ်းဆီးရတာလို့ဆိုပြီး ချိပ်ပိတ်တာတွေ့ရတယ်၊ ဥပဒေကြောင်းအရ ပြန်လည် ခုခံချေပတင်ပြတောင်းယူထားတယ်တယ်၊ ဒီကနေ့ အထိတော့ နေအိမ် တအိမ်မှပြန်မရသေးပါဘူး။”လို့ ပြောပါတယ်။

အဲ့ဒီ့ ချိပ်ပိတ် ခံရတဲ့ နေအိမ်တွေရဲ့ စာရင်းအချက် အလက်တွေဟာ ဒေသခံတွေနဲ့ တရားလွှတ်တော် ရှေ့နေတွေ ဆီကနေရတဲ့မှတ်တမ်းတွေဖြစ်ပြီး တကယ့်မြေပြင်မှာ ယခုထက်ပိုမိုများပြားနိုင်တယ်လို့ သိရပါတယ် ။

ချိပ်ပိတ်ခံရတဲ့ နေအိမ်တွေရဲ့ပတ်ဝန်းကျင်မှာ
နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့လည်း အဲ့ဒီ့ အိမ်ပိုင်ရှင်တွေ ဒေသအိမ်ကို ပြန်ရောက်လာတာတွေ့တာနဲ့ ချက်ချင်း အကြောင်းကြားပေးရမယ်လို့ သက်ဆိုင်ရာက သတိပေးထား တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည် #နေအိမ်ချိပ်ပိတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW