သီတင်းကျွတ်ပြီ။

၂၉၊ စက်တင်ဘာ၊ ၂၀၂၂။
ဆူးငှက်

သီတင်းကျွတ်ပြီ
မီးပုံးပျံလွှတ်ရအောင်၊
မီးစာကို ရေနံဆွတ်ပါ။
မိုးလွတ်ပါမည်လား . . .။ တဲ့

ငယ်ငယ်က အော်ဟစ်ခဲ့ဖူးသော ဖတ်စာလေးကို သတိရမိသေးတော့ . . .။

အရင်ကတော့ သီတင်းကျွတ်လဆန်းလျှင်ပင် အဘိုးသည် ဈေးချိုစီရုံထဲ သွားပြီး ဆီစိမ်စက္ကူ ရောင်စုံဝယ်၏။ ဆီစိမ်စက္ကူ တစ်ချပ် ၃၅ ပြား။ မှန်ရောင်စက္ကူက တစ်ချပ် သုံးမတ် . . .။

အိမ်ရောက်တော့ ဝါးတစ်လုံးကို ခွဲစိပ်သည်။ ကော်တစ်အိုး ကျို၏။ အဝတ်ဟောင်းတစ်စ ရှာကာ လက်တစ်လုံးလောက် အစရှည် လေးများအဖြစ် ဆွဲဆုတ်သည်။ ထို့နောက် မီးပုံးအမျိုးမျိုး ချိုးတော့သည်။ ဘီလူးမျက်ကွင်း၊ ကြယ်ပုံစသည်ဖြင့်။ ဝါးခြမ်းတွေ တစ်ချောင်း နှင့် တစ်ချောင်း ပူးဆက်တော့ အဝတ်စ အရှည်လေးတွေကို ကော်သုတ်ပြီး ရစ်ပတ်ချည်၏။ အဖြူထည်များပြီးတော့ ဆီစိမ်စက္ကူ မှန်ရောင် စက္ကူရောင်စုံများဖြင့် အလှဆင်သည်။ စိတ်လို လက်ရရှိလျှင် ဘီးလုံးတပ်၍ ဆွဲရသော သင်္ဘော၊ လေယာဉ်ပျံ၊ မော်တော်ကားလည်း ချိုးပေး၏။ တစ်ခါတစ်ရံ မီးလည်တွေ လုပ်ပေးသည်။ မီးလည်တွင် မာရ်နတ် တိုက်ခိုက်ခန်း၊ အင်္ဂုလိမာလ ချွတ်ခန်း၊ ကပိလဝတ်ပြည်သို့ ဒေသစာရီ ကြွချီခန်း ညစသည်တို့ဖြင့်လည်း ရေးဆွဲ ပူဇော်သည်။ အခု အဘိုးမရှိတော့ . . .။

အရင်နှစ်တွေတုန်းကတော့ သီတင်းကျွတ်မှာ တရုတ်မီးလုံးတွဲလေးတွေ ချိတ်ဆွဲ ပူဇော်ခဲ့ရ၏။ သူကလည်း တစ်နှစ်ပဲ ခံသည်။ ငယ်ငယ် ကတော့ သီတင်းကျွတ်လဆန်း ၁၃ ရက်နေ့ ကတည်းက ညစဉ် မီးလမ်းလျှောက်ဆိုကာ လည်ပတ်ကြသည်။ အိမ်ပေါက်စေ့ ထွန်းညှိသော မီးပုံးအဆန်းအပြားများ၊ အမျိုးအစား အစုံအလင်ကို တအံ့တသြ လှည့်ပတ်ကြည့်ရ၏။ မန္တလေးတွင် သီတင်းကျွတ်လဆန်း ၁၄ ရက်မှစ၍ လပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့အထိ မီးပူဇော်ကြသည်။ တာဝတိံသာမှ ဆင်းသက် ကြွရောက်လာသည့် ဘုရားရှင်ကို ရည်မှန်းပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သဖွယ် မီးစောင်းတန်းများ ထွန်းညှိကြသည်။ ဘုရားပွဲတော်ကြီးများလည်း သီတင်းကျွတ် အခါသမယနှင့် တိုက်ဆိုင် ကျင်းပကြ၍ ဘုရားပွဲနှင့် စပ်ဆိုင်သော ရပ်ကွက်များကလည်း မီးရောင်စုံ ထွန်းညှိကာ ဆင်နွှဲကြသည်။

ရှေးကတော့ သီတင်းကျွတ်ဘုရားပွဲတော် အမှီ မီးပုံးချိုးကြ၏။ မီးပုံးတွေကို အိမ်မှာ ကိုယ့်ဘာသာ ချိုးကြခြင်း ဖြစ်သည်။ “ ဘီလူးမမျက်ကွင်း ” ဟုခေါ်သော ခြောက်မြှောင့်မီးပုံးများ အများဆုံး ချိုးကြ၏။ ပြီးတော့ မီးကြာခွက်တွေလည်း ကြိုပြီး ပြုလုပ်ကြသည်။ မီးကြာခွက်ဆိုသည်မှာ ဆီစိမ်စက္ကူကို ကြာဖူးကြာဖက်ပုံစံ ကိုက်ညှပ်ပြီး၊ အညာဖျဉ်ကြမ်း လက်သုတ်ပုဝါကြားညှပ်၊ လက်ဖနောင့်နှင့် ဖိတွန်းပြီး ကြာဖတ်လေးကဲ့သို့ ခုံး၍ တွန့်အောင် ပြုလုပ်ရသည်။ ဆီမီးခွက် နခမ်းမှာ ထိုကြာဖက်လေးများ အထပ်ထပ်ကပ်ပြီး ဆီမီးပူဇော်ကြသည်။ အများစုက ဆီမီးကြာခွက်များ၊ ဖယောင်းတိုင်နှင့် ထည့်ထွန်းသော စက်္ကူမီးပုံးများ ချိုးပြီး ပူဇော် ထွန်းညှိကြခြင်း ဓလေ့ဖြစ်သည်။

ထို့ပြင် ဖယောင်းတိုင် ထည့်ထွန်းသော “ မီးလည်” များလည်း ပြုလုပ်ကြသည်။ မီးလည်ဆိုသည်မှာ အပေါ်က ဒလက်ကဲ့သို့ ၊ ပန်ကာရွက်ကဲ့သို့ ဂျပ်နှင့် အဝိုင်းပြုလုပ်ပြီး အောက်တွင် “ဆလင်ဒါပြောင်းရှည်”ပုံစံဖြစ်သည်။ ဆလင်ဒါ ပတ်ပတ်လည်တွင် အရုပ်များရေးဆွဲကြ၏။ ထိုဆလင်ဒါထဲ မီးထည့်ထွန်းလျှင် အပူငွေ့က အပေါ်သို့ တက်ကာ ပန်ကာဒလက် ကဲ့သို့ အပေါက်မှ တိုးထွက်ပြီး ဆလင်ဒါကို လည်စေသည်။ ဆလင်ဒါပေါ် ဆွဲကြသည့် ပုံများမှာ ရာမလက္ခဏတို့ သမင်လေးများကို လိုက်တမ်းပြေးတမ်း ကစားသည့်ပုံ၊ အင်္ဂုလိမာလ ချွတ်ခန်းပုံ၊ မာရ်နတ် ဖျက်ဆီးခန်းပုံ။ သုဝဏ်္ဏသာမ လေးပစ်ခန်းတို့ကဲ့သို့ ဇာတ်တော်များလည်း ရေးဆွဲကြသည်။

မန္တလေးတွင် သီတင်းကျွတ်ပွဲတော်နှင့် တဆက်တည်း ဘုရားပွဲတော်များ စတင်သည်နှင့် အငြိမ့်တွေ ဇာတ်တွေကလည်း ကပြကြရမည့် “ သေတ္တာဖွင့်ပွဲ ” အတွက် ကြိုတင် ပြင်ဆင်ကြသည်။ မန္တလေးတွင် မြို့ မတည်မီကတည်းက တည်ရှိခဲ့သော ဘုရား၊စေတီကြီးများ၊ ဥပမာ – မဟာမုနိ၊ ရတနာမဉ္ဇူ၊ ဘုရားသုံးဆူ၊ အိမ်တော်ရာ၊ ရွှေကျီးမြင်၊ အရိပ်မထွက်၊ ဘုရားနီ၊ ချမ်းသာရ စသည့်အပြင် မန္တလေးမြို့နှင့် အတူတည်သော ဘုရားစေတီတော်ကြီးများ၊ ဥပမာ – ကျောက်တော်ကြီး၊ စန္ဒာမုနိ၊ မဟာလောကမာရဇိန် ကုသိုလ်တော်၊ သကျသီဟ …စသည်တို့၏ ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးများကို သတ်မှတ်ထားသည့် ရက်များတွင် ကျင်းပသည့်ပွဲတော်ကြီးများမို့“ ဂေဇက်ရဘုရားပွဲတော် ” များဟုခေါ်ဆိုကြ၏။

ထို့ပြင်ရပ်ကွက် ဓမ္မာရုံအသီးသီး၏ ဘုရားပွဲတော်များမှာလည်းသီတင်းကျွတ် လဆန်းသည်နှင့် ကျင်းပကြရာမလွန်ကြက်သွန်တန်းဓမ္မာရုံဘုရားပွဲ၊ တရုတ်တန်းရှေ့တော်ပြေးဝင်း ဓမ္မာရုံဘုရားပွဲများ ပြီးနောက် “ ဂေဇက်ရ ” ဘုရားပွဲတော်အဖြစ် သီတင်းကျွတ်လဆန်း ၁၀ ရက် ၁၁ ရက် နေ့များတွင် မြို့လယ်၊၈၂လမ်း ၂၉ လမ်းနှင့် လမ်း၃၀ကြား ရှိ ဘုရားသုံးဆူ ဘုရားပွဲတော်ကို စတင်ကျင်းပသည်။

ထိုသို့ မလွန်ကြက်သွန်တန်းဓမ္မာရုံပွဲ၊ ရှေ့တော်ပြေးဝင်း ဓမ္မာရုံပွဲနှင့် ဘုရားသုံးဆူ ပွဲတော်များမှစ၍ သီတင်းကျွတ် အကြိုအဖြစ် ဘုရားပွဲတော် ဂေါစရဂမ်ရပ်ကွက်ရှိ အိမ်အသီးသီးက မီးရောင်စုံများ ထွန်းညှိကြ၏။

အဆိုပါ ဘုရားပွဲတော် များတွင် မန္တလေးမှ ဇာတ်၊ အငြိမ့်၊ တီးဝိုင်းများသာမက စည်တော်ကြီးအဖွဲ့များပါ စတင် ကပြ တီးမှုတ် ဖျော်ဖြေကြသည်။ ထို့နောက် သီတင်းကျွတ်လဆန်း ၁၁ ရက် ၁၂ ရက်နေ့များတွင် ဈေးချိုတော် အနောက်ဖက်ရှိ မဟာလောကရံသီ အိမ်တော်ရာဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၁၃ ရက် ၁၄ ရက်များတွင် အောင်နန်းရိပ်သာရပ်ရှိ မဟာသကျသီဟဘုရားပွဲ၊ အဆိုပါ သီတင်းကျွတ်လဆန်း ၁၃၊ ၁၄ ရက်များတွင် မင်းတဲအီကင်းရပ်ရှိ ရတနာမဉ္ဇူဘုရားပွဲ၊ သီတင်းကျွတ်လဆန်း ၇ရက်နေ့မှ သီတင်းကျွတ်လပြည့်ကျော် ၂ ရက်အထိ ကျင်းပသော ကျောက်တော်ကြီး၊ မဟာလောကမာရဇိန် ကုသိုလ်တော်နှင့် စန္ဒာမုနိဘုရားပွဲတော်ကြီးများ ဆက်တိုက် ကျင်းပကြသည်။

သီတင်းကျွတ်ပွဲတော် အခါသမယသည် မန္တလေး၏ အထင်ကရ ဘုရားပွဲတော်ကြီးများ ကျင်းပသည့် အချိန်မို့ တစ်မြို့လုံး မီးရောင်စုံ ထိန်ထိန်ညီးဖြင့် စည်ကားသော်လည်း ယခင်က ဗြောက်ဖောက်၍ ကာယိန္ဒြေပျက်စေမှုမျိုး အလျင်းမရှိခဲ့ပေ။ ဘုရားပွဲတော်ကြီးများနှင့်အပြိုင် ဈေးချိုဝါးတန်းရပ်၊မြို့လယ် ရသာတန်းရပ်၊ မြောက်ပြင် ထားဝယ်ရပ်၊ အရှေ့ပြင် အောင်တော်မူရပ် စသည်ဖြင့် မီးထွန်းပွဲတော်ကြီးများ စည်ကားစွာ ကျင်းပ၍ တစ်မြို့လုံးက “ မီးလမ်းလျှောက် ” ဟူသော ခေါ်ဝေါ်မှုဖြင့် ခြေကျင်တစ်မျိုး၊ စက်ဘီးများဖြင့် တစ်သွယ် မိသားစုနှင့် ပျော်ရွှင်စွာသွားလာကြ၏။

သီတင်းကျွတ် မီးထွန်းပွဲတော်နှင့် ဘုရားပွဲတော်များတွင် သက်ဆိုင်ရာ ရပ်ကွက်ခံများက လာသမျှ အယုတ်အလတ် အမြတ်မရွေး ဧည့်ခံကျွေးမွေးကြသည့် အစဉ်အလာရှိပုံကိုလည်း “မန္တလေးက ဘုရားပွဲတော်တွေမှာ ကြာဆံဟင်း ကျွေးမွေးတာမျိုး ရှိတယ်။ မန္တလေးဒေသထွက် နနွင်းမကင်း၊ ထိုးမုန့်၊ မာစကပ်၊ ခနုံထုပ်၊ မုန့်လုံးကြီးဆီစိမ် စတာတွေလည်း ကျွေးတယ်။ ဘာပဲကျွေးကျွေး မပါမဖြစ်က ဆီးဖြူသီး၊ စောင်းလျားသီး ဆားရည်စိမ်နဲ့ ငါးပိကြော်နဲ့ လက်ဖက်အကြော်စုံပါပဲ၊ အိမ်ပေါက်စေ့ ဝင်စားလို့ ရပါတယ် ”” ဟုဈေးချိုသူတစ်ဦးကပြောပြသည်။

သီတင်းကျွတ် မီးမထွန်းမိလျှင်ပင် ”ဒီအိမ်က မြန်မာအိမ်မှ ဟုတ်ရဲ့လား၊ သီတင်းကျွတ်မှာ မှောင်နဲ့မည်းမည်း” ဟု အပြောအဆိုခံရ၏။
သီတင်းကျွတ်ပြီ. . .။ မြို့လယ်ခေါင် မီးရောင်စုံ ထွန်းညှိထားကြပါသလား . . .။ မှောင်မည်းနေလို့ မသင့်တော်ပါ။ တရုတ်မီးလုံးတွဲလေးတော့ ဆွဲထားပါ။ ဖယောင်းတိုင် ဝယ်ပြီး ဘုရားမီးပူဇော်ပါရစေဦး . . ။

ဆူးငှက်

#သီတင်းကျွတ်
#သီတင်းကျွတ်ပြီ
#ဆူးငှက်
#voiceofmyanmar
#VOM

Related posts

Leave a Comment

VOM News

FREE
VIEW