တိုးမြစ်အတွင်း ရေလမ်းခရီးပိတ်လိုက်လို့ ငါးဖမ်းသူနဲ့ အခြားရေလမ်းအသုံးပြုသူတွေ အခက်အခဲဖြစ်နေ

အောက်တိုဘာ ၊ ၂ -၂၀၂၂
မင်းမြတ်(VOM)

ရေလမ်းကနေ အမည်မသိလက်နက်ကိုင်သူတွေဝင်လာနိုင်တဲ့အတွက်ဆိုပြီး ဧရာဝတီတိုင်း မအူပင်မြို့နယ်က(တိုးမြစ်) အတွင်း အလုပ်လုပ်ခွင့်ပိတ်လိုက်တဲ့အတွက် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ရေလမ်းကြောင်းကို အသုံးပြုနေရတဲ့လုပ်ငန်းရှင်တွေ ရုတ်တရက် အလုပ်လက်မဲ့ ဖြစ်သွားပြီး အခက်အခဲဖြစ်ပေါ် လာကြတယ်လို့ သိရပါတယ်။

အောက်တိုဘာကနေ နိုဝင်ဘာလ ၁၅ ရက်အထိ ၄၅ ရက်ခန့်ကာလအတွင်း မအူပင်မြို့နယ်က (တိုးမြစ်)ထဲမှာ ငါးဖမ်းတာတွေမလုပ်ဖို့ နဲ့ အမည်မသိလက်နက်ကိုင်သူတွေက အဲ့ဒီရေလမ်းကနေ ဝင်လာနိုင်လို့ဆိုပြီး သက်ဆိုင်ရာက အောက်တိုဘာလ ၁ ရက်ကနေ စတင်တားမြစ်သတ်မှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

”အမည်မသိလက်နက်ကိုင်သူတွေက ရေကြောင်းက လာမယ်ဆိုပြီး ဆိုင်းမဆင့် ဗုံမဆင့် ရုတ်တရက်ပိတ်တာပဲ ၊ ငါးမဖမ်းဖို့ ပိတ်ရက်က အရမ်းများလွန်းတယ် ၊အကြမ်းဖက် သမားတွေကဝင်လာမယ် ရေလမ်းကဆိုတဲ့ ကိစ္စက မသေချာတဲ့ကိစ္စကြီး ၊ အခုတောင် ဒုက္ခစရောက်နေပြီ၊ တိုးမြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ်က ကျွန်တော်တို့ရဲ့ အဓိက အသက်မွေးဝမ်းကြောင်းအလုပ်ပဲ ၊ငါးဖမ်းမထွက်ရတော့ အိမ်မှာ စားဖို့နေရေး အဆင်မပြေဘူး ၊ အလုပ်က ကောင်းကောင်းလုပ်ရတဲ့အချိန်ကို မရှိဘူး ချက်ချင်းကို အလုပ်လက်မဲ့ဘဝရောက်သွားတာ”လို့ တိုးမြစ်ထဲ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။

တိုးမြစ်ထဲ ငါးဖမ်းခွင့်ပိတ်လိုက်တဲ့အတွက် ငါးဖမ်း လုပ်ငန်း လုပ်ကိုင်တဲ့သူတွေနည်းတူ ရေယာဉ်အငှား လုပ်ကိုင်သူတွေ ၊ စက်လှေအငှားလိုက်တဲ့သူတွေ နဲ့ အခြား အဲ့ဒီရေလမ်းကို မသုံးပြုနေတဲ့ ဒေသခံတွေအခက်အခဲရှိနေတယ်လို့သိရပါတယ်။

”အမည်မသိလက်နက်ကိုင်သူတွေကို ဖမ်းမိ မမိတော့ မသိဘူး ဒီဘက်က ဒေသခံတွေတော့ အကုန်ဒုက္ခရောက်နေပြီ ၊ မနေ့က ပိတ်ထားတာကိုမသိပဲ ကုန်ပစ္စည်းတွေ ပြတ်နေလို့ မအူပင်ထွက်လာတာ လမ်းမှာရောက်တော့ စစ်ဆေးနေတာတွေ့လို့ ပြန်လှည့်လာခဲ့ရတယ် ၊ ကျွန်တော်တို့ ဒေသတွေက ရေလမ်းကို အဓိကအသုံးပြုနေရတုန်းပဲ ၊ ဒီလို ရက်ရှည်ပိတ်တာဟာ ဒုက္ခတစ်ခုအထုပ်လိုက်ပေးလိုက်တာပဲ။”လို့ ရေယာဉ်အငှားလုပ်ငန်း လုပ်ကိုင်သူတဦးကပြောပါတယ်။

ပုံမှန်ဖမ်းတာ ပိတ်ထားပြီး ပြန်ဖွင့်တာ သိပ်မကြာသေးပဲ အခုတစ်ခါ ရုတ်တရက် ငါးဖမ်းခွင့် ပိတ်လိုက်တဲ့အတွက် ငါးဈေးကွက်ပါ ထိခိုက်လာနိုင်ပြီး ရက်ပိုင်းအတွင်း ဈေးတွေတက်လာကာ ငါးပိ ငါးခြောက်နဲ့ ငံပြားရည် စတဲ့လုပ်ငန်းတွေအပြင် အခြား ငါးနဲ့ ဆက်စပ်တဲ့ ငါးလုပ်ငမ်းတွေပါ ရိုက်ခက်လာပြီး ဒေသခံတွေအတွက် စီးပွားရေးတွေကျပ်တည်းလာလိမ့်မယ်လို့ ဒေသခံ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်တွေဆီက နေသိရပါတယ် ။

”မနှစ်က ကိုဗစ်ကြောင့် ငါးဖမ်းတာပိတ်ခဲ့တယ် ၊ အခုနှစ် ငါးရစ် ငါးသန်း ကာလ ၄ လလောက်ပိတ်ခဲ့တယ် ၊ အခုတစ်ခါ အမည်မသိလက်နက်ကိုင်သူတွေရဲ့ရန်ကိုကာကွယ်ဖို့ဆိုပြီး ထပ်ပိတ်တယ် လုပ်ရက်ကို မရှိဘူး အလုပ် လုပ်ရတာ၊ လက်ကျန် ငါးပိ ငါးခြောက်တွေလည်း သိပ်မရှိဘူး ၄၅ လောက်ပိတ်ရင် အကုန်အခက်အခက်ရှိသွားပြီ၊ သေချာ တယ် ငါးပိ ငါးခြောက်လုပ်ငန်းတွေလည်း ထိခိုက်သွားမှာ၊ ဒါ့ကြောင့် သက်ဆိုင်တဲ့သူတွေအနေနဲ့ အလုပ်နဲ့ ဒေသခံတွေအပေါ် သက်ရောက်မှုရှိလာမှာကို ချိန်ဆလုပ်စေချင်တယ်။”လို့ ဒေသခံ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းရှင်တဦးကပြောပါတယ်။

အဲ့ဒီမြစ်ထဲမှာ ဒီရက်ပိုင်းအတွင်း တင်းတင်းကျပ်ကျပ် လုံခြုံရေးလုပ်ငန်းတွေ တိုးမြှင့်စစ်ဆေးတာတွေ လုပ်နေတယ်လို့သိရပြီး အဲ့ဒီမအူပင်(တိုးမြစ်)ထဲမှာ စားဖို့နေရေးအတွက် ငါးဖမ်းတဲ့လုပ်ငန်းကို သီးသန့် လုပ်ကိုင်နေတဲ့သူ အယောက် ၅၀၀ ထက်မနည်း
ရှိနေပြီး တခြားရေလမ်းကို အသုံးပြုသွားတာ နေ့စဉ် လုပ်နေရတဲ့သူ ထောင်နဲ့ချီရှိတယ်လို့လည်း သိရပါတယ် ။

#voiceofmyanmar #VOM #မအူပင်

Related posts

Leave a Comment

VOM News

FREE
VIEW