နစက အာဏာယူပြီးနောက် ဖားကန့်မှာ ၅၀၅(က) နဲ့ ထောင်ဒဏ် တနှစ်ခွဲချခံရသူတွေထဲက သတင်းထောက် နောင်ရိုး အပါအဝင် (၁၂)ဦးလွတ်မြောက်

ဖားကန့် -အောက်တိုဘာ ၃၊ ၂၀၂၂
ZMH(VOM)

ဖားကန့်မှာ အခြေစိုက်ပြီး VOM အပါအဝင် တခြားဌာနတွေကို သတင်းပေးပို့နေတဲ့ သတင်းထောက် နောင်ရိုးအပါအဝင် ဆန္ဒပြပွဲ အရှိန်မြင့်စဉ်ကာလက ၅၀၅(က)ကဖြင့် ဖမ်းဆီးထောင်ချခံခဲ့ရသူ (၁၂)ဦး ဒီနေ့အောက်တိုဘာ ၃ ရက်နေ့ မနက် ၉နာရီခန့်က လွတ်​​မြောက်လာခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ် ။

အခုလွတ်မြောက်လာသူတွေဟာ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မဇွပ်ယန် အကျဉ်းထောင်ကနေ လွတ်မြောက်ခဲ့တာလို့ သိရပါတယ် ။

ဖားကန့်မြို့နယ်အတွင်းက ဆန္ဒပြအရေးခင်းကာလမှာ ဖမ်းဆီးခံထားရသူ စုစုပေါင်း (၄၂)ဦး ရှိခဲ့ပြီး ၊အမျိုးသားအမျိုးသမီးစုစုပေါင်း (၂၇)ဦးဟာ ပြစ်ဒဏ်အပြည့်ဝကျခံပြီး လွတ်မြောက်လာခဲ့ပြီလို့ ယနေ့လွတ်မြောက်လာတဲ့ သတင်းထောက် ကိုနောင်ရိုးထံက သိရပါတယ် ။

အခုနှစ် ဇူလိုင်လ ၂၆ရက်နေ့က ငြိမ်းချမ်းသာယာရပ်ကွက် (၂)ဦး ၊ ဩဂုတ်လ ၆ ရက်နေ့က အမျိုးသား(၄)ဦး ၊ ဩဂုတ်လ ၃၀ ရက်နေ့က အမျိုးသမီး(၈) ဦးနဲ့ အမျိုးသား (၄)ဦးလွတ်မြောက်ခဲ့ပြီး ၊ အဲဒီအထဲမှာ ကိုယ်ဝန် နေ့စိလစိနဲ့အဖမ်းခံခဲ့ရပြီး ဖားကန့် အချုပ်ခန်းအတွင်းမှာ မီးဖွားခဲ့ရတဲ့ မဝါဝါမြင့်လည်း ရင်သွေးငယ်လေးနဲ့အတူ လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ် ။

ဒီကနေ့ အောက်တိုဘာ ၃ ရက်နေ့မှာ အမျိုးသား (၁၁)ဦး နဲ့အမျိုးသမီးတဦးအပါအဝင် (၁၂)ဦးထပ်မံမြောက်လာခဲ့တာဖြစ်ပါတယ် ။ လွတ်မြောက်လာသူအများစုဟာ ဆိပ်မူအုပ်စု၊ မမုံကျေးရွာက (၁၀)ဦးဖြစ်ပြီး လုံးခင်းကျေးရွာက ၂ဦးဖြစ်တယ်လို့ လွတ်မြောက်လာသူ ကိုနောင်ရိုးက ပြောပါတယ် ။

“ အခုလွတ်လာတာ မမုံကလူတွေများတယ် ။ မမုံကပဲ ဆယ်ယောက် ၊ လုံးခင်းဘက်က ကျနော်နဲ့ကောင်မလေးတယောက်ပဲပါတယ် “လို့ ပြောပါတယ် ။

ထောင်ထဲမှာ အရေးအခင်းကာလက ဖမ်းဆီးထောင်ချခံထားရသူအမျိုးသား (၁၅) ဦး သာကျန်တော့ပြီး မကြာခင်ပြစ်ဒဏ်စေ့ပြီး လွတ်ရက်နီးသူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ် ။

အခုလွတ်မြောက်ခဲ့သူအများစုဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ်တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်းဖြစ်ပါတယ် ။

#voiceofmyanmar #vom #နောင်ရိုး #ဖားကန့်

Related posts

Leave a Comment

VOM News

FREE
VIEW