ရေကြည်မှာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်တယ်ဆိုပြီး လူ ၇၀ ကျော် ဖမ်းဆီးခံထားရ

စက်တင်ဘာ၊ ၃-၂၀၂၂
မင်းမြတ်(VOM)

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့နယ်ခွဲ၊ ဇရပ်လှကျေးရွာက အုပ်ချုပ်ရေးမှူး ဦးတာဘူး ကို သေနတ်နဲ့ပစ်သတ်တဲ့အထဲမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဒေသခံ လူ ၇၀ ကျော်ကိုသံသယနဲ့ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ဇရပ်လှရွာအုပ်ချုပ်ရေးမှူး ဦးတာဘူး ဟာ (နစက)
လက်ထက်မှာခန့်ထားတဲ့ အသက် ၄၀ ကျော်အရွယ် အုပ်ချုပ်ရေးမှူးဖြစ်ပြီး ရေကြည်မြို့နယ်မှာ အစည်းအဝေးတက်ပြီး ဆိုင်ကယ်နဲ့ ပြန်အလာ စက်တင်ဘာ ၁၄ ရက် ညနေပိုင်းက ကျုံတာကျေးရွာ အနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ့အုပ်ချုပ်ရေးမှူးကို ပစ်သတ်သွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်တယ်ဆိုပြီး စက်တင်ဘာ ၂၈ ရက် ညပိုင်းကနေ အောက်တိုဘာ ၂ ရက်အထိ ၄ ရက်အတွင်းမှာ ဒေသခံ ၇၀ ကျော်ကို ရဲနဲ့ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

”ဦးတာဘူးကို ပစ်သတ်သွားတာက ဘယ်သူတွေမှန်းကို ဘယ်သူမှ မသိဘူး ဆိုင်ကယ်နဲ့ အနောက်ကနေ မောင်းလာပြီး ပစ်သွားတာ ၊ အခင်းဖြစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားခဲ့တာ ၊ စစ်သားတွေနဲ့ တာဝန်ရှိတဲ့သူတွေ လာမေးတိုင်းလည်း တွေ့ရ သိရတဲ့အတိုင်း ပြောထားတာပဲ ၊ အပစ်ခံရပြီးကတည်းက ရွာတွေထဲက ဒေသခံတွေကို ပိုက်စိပ်တိုက်ဖမ်းနေတာ ၊ ဖမ်းခံရတဲ့သူတွေကိုလည်း လက်ပြန်ကြိုးတုပ်တယ်၊ သံကြိုးတွေခတ်တယ် ရိုက်တာတွေလုပ်တယ် အဖမ်းခံရတာလည်း မနည်းတော့ဘူး ။”လို့ ဒေသခံတယောက်ကပြောပါတယ်။

ဖမ်းဆီးခံရသူ လူ ၇၀ ကျော်ဟာ မြစ်ဆယ်ကျေးရွာ၊ ဇရပ်လှရွာကျေးရွာ၊ ကျုံတာကျေးရွာနဲ့ ငသိုင်းချောင်းမြို့က လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ် ဒေသခံတွေဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ် ။

အုပ်ချုပ်ရေးမှူး အသတ်ခံရပြီး လူတွေအဖမ်းခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေကြည်မြို့နယ် ရဲတပ်ဖွဲ့ကတာဝန်ရှိသူက” အဖမ်းခံရတာတွေရှိတယ် ၊ တပ်ဘက်က ဖမ်းတာတွေရှိသလို ရဲဘက်ကနေ ဖမ်းတာလည်းရှိတယ် ၊ ဘယ်လိုဖမ်းဖမ်း လောလောဆယ်ကတော့ သံသယနဲ့ ဥပဒေနဲ့အညီ ဖမ်းဆီးစစ်ဆေးနေတာပဲလို့ပြောချင်ပါတယ်”လို့ ပြောပါတယ်။

ရေကြည်မြို့နယ်မှာ အရင်က ကြံ့ခိုင်ရေးပါတီဝင် တဦးနဲ့ မှုခင်း သတင်းထောက်တဦး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပြီး ဗုံးပေါက်ကွဲတဲ့ ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့တာရှိခဲ့ပေမယ့် အခုလို လူအများအပြားဖမ်းဆီးတာမျိုး မရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ရေကြည်မြို့

Related posts

Leave a Comment

VOM News

FREE
VIEW