ဝေဇယန္တာနန်းဘုံ မြမန်းလေးဇေယခုံ

ဆူးငှက်

တငြိမ့်ငြိမ့် ရေအလျဉ် မပြတ်စီးသွန်နေတဲ့ မြစ်မင်းဧရာရဲ့ အရှေ့ဘက်၊ မြေ၌ စုံ့စုံ့ပေါက်နေတဲ့ မဏ္ဍလခေါ် မန္တလေးတောင်တော်ခြေရင်းမှာ နန္ဒာကန်၊အောင်ပင်လယ်ကန်၊ဇောင်းကလောကန်၊တောင်သမန်အင်းနဲ့ တက်သေးအင်းငွေလွှာအသွင် ရေပြင်ကျယ်တို့ ဝန်းရံပြီး မန္တလေး ရတနာပုံမ် နေပြည်တော်ရယ်လို့ ပေါ်ပေါက်လာပြီးနောက်၊ပြာသာဒ် အဆောင်အောက်၊ ဟင်္သာပြဒါးရောင်ရွှေရောင် ဖိတ်တောက် နန်းရင်ပြင် ပွဲကြည့်ဆောင်မှသည် ရွှေမြို့တော် အတွင်းဝင်းများ၊ ပြလမ်းများဆီမှာထိ မြန်မာ့သမိုင်းစဉ် တစ်လျှောက်လုံး ထွန်းလင်းတောက်ပ ဂုဏ်ဝင်ခဲ့တဲ့ မြန်မာမှု သုခုမပညာတွေ ဖူးပွင့် ဝင်းလက်ခဲ့ပါသည်။
မြန်မာမင်းများ နောက်ဆုံး နန်းစိုက်ခဲ့သည့် မန္တလေးမြို့သည် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ စုဝေးရာ နေရာဖြစ်သကဲ့သို့ပင် ခေတ်သစ် မြို့ပြပုံစံတို့လည်း တစ်ဟုန်တိုးပြောင်းလဲတိုးတက်ဖွံ့ဖြိုးလျက်ရှိသဖြင့် ရှေးဟောင်းလက်ရာများနှင့်ခေတ်သစ်လက်ရာများ ယှဉ်တွဲတည်ရှိလျက် ရှိသကဲ့သို့ ၊လူမှုစီးပွားရေး အခြေအနေနှင့်လိုက်လျော ညီထွေစွာ အဆောက်အဦးများ ပြုပြင်ဆောက်လုပ်ရာတွင် ရှေးမြန်မာဗိသုကာပညာရှင်တို့ တည်ဆောက်ခဲ့သော ဂန္တဝင် အမွေအနှစ်များနှင့် ၎င်း၎င်းတို့၏ မြို့ပြအကွက်အကွင်းများကို မပျောက်မပျက်အောင် ထိန်းသိမ်းဆောက်လုပ်သင့် သည်။

ရှေးမြန်မာ့ဗိသုကာပညာရှင်များသည် ဘာသာရေးအရ အလေးအနက်ထားရမည့် အဆောက်အအုံများကို အထွတ်အထိပ်နေရာများတွင် တည်ထားခဲ့ကြသည်။ အဆိုပါနေရာများတွင် လိုအပ်သော လမ်းများဖောက်လုပ်ပြီး ဘုရားပုထိုးများနှင့် နန်းတော် နန်းဆောင် အနေအထားများအား မျက်စိပသာဒရှိအောင် ဆောက်လုပ်ခဲ့ကြသည်။မြင်တွေ့ ဖူးမြော် သပ္ပာယ်အောင်လည်း ရိုးရှင်းမြင်လွယ်မှုများ ထားရှိခဲ့ကြသည်။

ရှေးဟောင်းလက်ရာများနှင့်ခေတ်သစ်လက်ရာများ ယှဉ်တွဲတည်ရှိမှုကိုလေ့လာရာ၌ ၂၆ လမ်းနှင့် ၆၆လမ်းရှိ ဟယ်လ်တန် ဟိုတယ်နှင့် နန်းမြို့ရိုးတို့၏ ရှေးဟောင်းနှင့်ခေတ်သစ် မထိခိုက်စေဘဲ ယှဉ်တွဲဖြစ်ထွန်းမှုနှင့်အတူ မဟာမုနိဘုရားကြီးတွင် ရှေးဟောင်း ဂန္ဓကုဋီတိုက်တော်နှင့် ခေတ်သစ်လက်ရာ ဗုဒ္ဓဝင်ပြခန်း၊ မဟာအတုလဝေယံကျာင်းတော်ကြီးတွင် ရှေးဟောင်းလက်ရာပုံစံအတိုင်း ခေတ်သစ် သံကူ ကွန်ကရစ်စနစ်များဖြင့် တည်ဆောက်ထားပုံကို လည်းကောင်း၊ ရှေးဟောင်းယဉ်ကျေးမှုလက်ရာဖြစ်သည့် နန်းမြို့ရိုးနှင့် မန္တလေးတောင်တို့ကို ၂၆ လမ်းနှင့် ၆၆လမ်းထောင့်မှ လှမ်းမြော်ကြည့်လျှင် မန္တလေးတောင်နှင့်စေတီတို့အား မကွယ်မကာစေဘဲ ဦးစားပေး ရယူလွှမ်းမိုးထားပုံတို့ကြောင့် နန်းမြို့ရိုးနှင့်သဟဇာတဖြစ်ကာ မျက်စိပသာဒဖြစ်ဖွယ်ရှိကြောင်းတွေ့ရသည်။

မန္တလေး မဟာမုနိဘုရားကြီး၏ အရှေ့ဘက်နှင့်မြောက်ဘက်စောင်းတန်းများထိပ်တွင် နာမည်ကျော်မြန်မာဗိသုကာနှင့် ပန်းပုဆရာကြီးများ၏ လက်ရာ ကျွန်းပြာသာဒ်နှင့် အုတ်ပြာသာဒ်ကြီးများ ရှိသည်။မြန်မာမှုအနုပညာအဖြစ် စံထားဂုဏ် ယူစရာ လက်ရာကောင်းများဖြစ်သည်။။
သို့သော် လွန်ခဲ့တဲ့ နှစ် ၅၀ကျော်လောက်က အဆိုပါပြာသာဒ်ကြီးများရှေ့မှာ ပိတ်ပြီး ကွန်ကရစ်ဖြင့် ခေတ်သစ်ပုံ ဧည့်ကြိုဆောင် အဆောက်အဦးတွေ အခိုင်အမာဆောက်လုပ်လိုက်သောကြောင့် မူလပြာသာဒ်ကြီးများ၏ ရှေးဟောင်းအနုပညာလက်ရာ တန်ဖိုးများ ဆုံးရှုံးခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ကျာ်ကတည်းက တည်ဆောက်ခဲ့သည့် နာရီစင်နှင့် စျေးချိုရုံကြီး ၁၂ ရုံတို့၏ ရေပြင်ညီသဘောနှင့် မျဉ်းမတ်သဘော သဟဇာတဖြစ်မှုဖြင့် ဂန္ထဝင်ဟန် အဖိုးတန်မှုမှာ ယခုအခါ အသစ်တည်ဆောက်ပြီးသော အဆင့်မြင့်ဈေးချိုရုံသစ်ကြီးနှင့်အတူ ပလာဇာများနှင့် အထပ်မြင့် ကွန်ဒိုမီနီယမ်များကြောင့် နှစ် ၁၀၀ကျာ်သက်တမ်းရှိ နာရီစင်၏ ဂန္ထဝင်တန်ဖိုး နိမ့်ကျသွားခြင်းမှာလည်း သတိပြုဖွယ်ဖြစ်သည်။

တကယ်တော့ မန္တလေး မြို့တည် နန်းတည် မင်းတုန်းမင်းညီတော် ကနောင်မင်းနှင့် ပညာရှင် မှူးကြီး မတ်ရာတို့သည် အသစ်တည် မန္တလေး ရတနာပုံနေပြည်တော်ကို သဘာဝရှိရင်း မန္တလေးတောင်တော်ကို အခြေပြု၍ ကျမ်း အစောင်စောင်လာ နတ်ဘုံနတ်နန်း အဆောင်အယောင်များနှင့်သိကြားမင်း၏ ဝေဇယန္တာ ရွှေမြို့တော်ကြီးပမာ ရှုမြင်ခံစား တည်ဆောက်ခဲ့ကြသည် မဟုတ်ပါလား။

ဝေဇယန္တာ
(တေးရေး ပင်စည်မင်းသား)

-ဝေဇယန္တာနန်းဘုံ မြမန်းလေးဇေယခုံ၊ ယမုန်..ငယ်လေးသောင်ငွေကျွန်းမောင်ဖီလာ သီတာဝန်းရံခွေ ရွှန်းရွှန်းဝေ၊ ရွှန်းရွှန်းဝေ ။
-မန်သပြေဘောင် မြကျွန်းပျံ့မွှန်းလေး မင်္ဂလာ၊ဇေယျာငယ် သြဘာကြွေး၊ ပဉ္စင်တံမြွာ သံသာကြူးရင့်အေး၊ သင်းသင်းမွှေး သင်းသင်းမွှေး။
-ဗြဟ္မာငယ်လေကျုး တိမ်ယံဘွေ လေပြေမြူး၊ဗြဟ္မာငယ်လေကျုး တိမ်ယံဘွေ လေပြေမြူး၊အာကာဘောင်မူမှောင်ချီချီ တိမ်ရီမှုန်ဝေဆိုင်း၊ အာကာဘောင်မူမှောင်ချီချီ တိမ်ရီမှုန်ဝေဆိုင်း၊
မျှော်ရတိုင်း ရှစ်ခွင်မင်းလွင် တောင်စဉ် တိမ်စွယ်ကာ၊ မျှော်ရတိုင်း ရှစ်ခွင်မင်းလွင် တောင်စဉ် တိမ်စွယ်ကာ၊
– မာလာသိင်္ဂါ တိမ်ဖြာမိလ္လာ လွမ်းဖွယ်သာ၊ မာလာသိင်္ဂါ တိမ်ဖြာမိလ္လာ လွမ်းဖွယ်သာ
ညှင်းညှင်းညှာအို… ညှင်းညှင်းညာ။

#voiceofmyanmarv#VOM #ဆူးငှက် #ဆောင်းပါး

Related posts

Leave a Comment

VOM News

FREE
VIEW