အတက်အကျကြမ်းတဲ့ ရွှေနဲ့ငွေ

အောက်တိုဘာ ၃-၂၀၂၂
SN+KT(VOM)

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြင်ပဒေါ်လာပေါက်စျေးက တစ်ဒေါ်လာကို ၃၂၀၀ ကျပ် ဝန်းကျင်၊ အခေါက်ရွှေဈေးက တစ်ကျပ်သားကို ကျပ် ၂၈ သိန်း အထက်မှာ ရှိခဲ့ရာက ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက်ဈေး ဆက်လက်ကျဆင်းနေတဲ့အတွက် ပြည်တွင်းရွှေဈေး ကျပ် ၂၄ သိန်း ဝန်းကျင်အထိ ထပ်မံကျဆင်းလာနေပါတယ်။

ရက်သတ္တပတ် နှစ်ပတ်အတွင်း တောက်လျှောက်ကျလာတဲ့ အခေါက်ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာ အနိမ့်ဆုံး တစ်ကျပ်သား ၂၂ သိန်း ၇ သောင်းအထိ ကျဆင်းခဲ့ပြီး ချက်ချင်းပဲ ညနေပိုင်းဈေးကွက်မှာ အမြင့်ဆုံး ၂၄ သိန်း ၈ သောင်းအထိတောင် ပြန်ရောက်ခဲ့ပါတယ်။

“ပြည်တွင်းရွှေဈေး အတက်အကျ မငြိမ်တာက ဒေါ်လာဈေးကြောင့်ပါ။ ပြည်တွင်းဒေါ်လာဈေးက အရင်က ၃၅၀၀ ထိအောင် ဖြစ်သွားတာလေ။ အခု ဒေါ်လာဈေးက ၂၆၀၀ ၊ ၂၇၀၀ ပဲ ရှိတော့တယ်။ နောက် နယ်စပ်က ဘတ်ဈေးလည်း လက်ရှိမှာကျသွားတယ်။ အရင်တုန်းက ဘတ်ဈေးကောင်းတုန်းက ရန်ကုန်ကရွှေကို ဘတ်သမား၊ ကွန်တိန်နာသမားတွေ နယ်ကနေ လာဝယ်သွားကြတာပေါ့။ အခုက ဘတ်ဈေးလည်း ကျသွားတဲ့အခါကတော့ ဈေးကွက်ထဲမှာ ရွှေဈေးကျနေတဲ့အပြင် ရွှေအိုင်နေတယ်။ အရောင်းအဝယ်လည်း အေးနေပါတယ်” လို့ YGEA ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ မနက်ပိုင်း အဖွင့်ဈေးဟာ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ကျပ် ၁,၉၅၄,၀၀၀ ရှိပြီး ကမ္ဘာ့ရွှေစျေး တစ်အောင်စကို ကျပ် ၁၆၆၀ ရှိပါတယ်။

ပြင်ပဈေးကွက်မှာတော့ ရွှေတစ်ကျပ်သား ရောင်းဈေး ၂,၄၈၀,၀၀၀ ရှိပြီး ဝယ်ဈေး ၂,၄၅၀,၀၀၀ ရှိနေတာကြောင့် အခု ဖြစ်ပေါ်နေတဲ့ ရွှေဈေးဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းက စျေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်လနီးပါးအတွင်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၂ သိန်းဝန်းကျင် ကျဆင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ့လိုပဲ ငွေဈေးဟာလည်း သြဂုတ်လကုန်ပိုင်းက စျေးကွက်ပေါက်ဈေးနဲ့ နှိုင်းယှဉ်ရင် တစ်လနီးပါးအတွင်း တစ်ဒေါ်လာ ၁၈၀၀ ကျပ် ဝန်းကျင်အထိ ပြန်ကျခဲ့ပါတယ်။

“အခုက‌တော့ ပြည်တွင်းရွှေဈေးက လာမယ့် ဒီဇင်ဘာအထိအောင် အရောင်းအဝယ်အေးနေဦးမှာပါ။ ဈေးနှုန်းကတော့ ပြောလို့မရသေးဘူး။ ကမ္ဘာ့ရွှေဈေး တအားတက်သွားရင်လည်း ပြန်တက်သွားမယ်။ ပြည်တွင်းဒေါ်လာဈေး ပြန်တက်ရင်လည်း တက်မယ်။ ပုံမှန်အားဖြင့်ကတော့ အခုကတော့ အကျဘက်မှာအကုန်လုံးသွားနေတယ်” လို့ YGEA ဥက္ကဋ္ဌက ဆက်လက် ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၃၁ ရက်နေ့ကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၅ သိန်းအထက်ထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ပြင်ပဒေါ်လာငွေလဲနှုန်းမှာလည်း ၄၅၀၀ ကျပ်ဝန်းကျင်ထိ မြင့်တက်ခဲ့ပါတယ်။ အဲ့ဒီ့လို မြင့်တက်ခဲ့ချိန်မှာ ဒေါ်လာနဲ့ စက်သုံးဆီ တက်နေမှုတွေကို ထိန်းကြောင်းဖို့ဆိုပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ထည့်သွင်းခဲ့သလို ရွှေဒင်္ဂါးပြားတွေ ထုတ်ရောင်းပေးတဲ့ အစီအစဉ်ကို နစက က ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက် ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးအထိုက်အလျောက် ပြန်လည်ကျဆင်းလာပြီး ရွှေဈေးလည်း လိုက်ပါကျဆင်းလာတဲ့ ပုံစံလည်း ဖြစ်နေပါတယ်။

ဒါ့အပြင် လက်ရှိမှာ နစက က ရွှေဈေးကွက် တည်ငြိမ်စေဖို့အတွက်ဆိုပြီး ရွှေတုံးရွှေခဲတွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ အရောင်းအဝယ် ပြုလုပ်ပေးနေပါသေးတယ်။

အခုလို ရွှေတုံးရွှေခဲတွေကို ရောင်းချနေတာဟာ အစိုးရလမ်းညွန်ချက်နဲ့ လုပ်ဆောင်နေရသူတွေအတွက်သာ ဖြစ်နိုင်ပြီး သာမန် နေ့စဉ် အရောင်းအဝယ် ပြုလုပ်နေသူတွေအတွက် သက်ရောက်မှုမရှိဘဲ ဖြစ်နိုင်ခြေမရှိဘူးလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပြောကြားပါတယ်။

“သူတို့စီမံချက်အတိုင်း လိုက်လုပ်ရတဲ့သူတွေ၊ ဥပမာ ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေက ဖြစ်ကောင်းဖြစ်နိုင်မယ်။ သာမာန်အားဖြင့် ဝယ်တယ်၊ ရောင်းတယ်၊ ရွှေစုတယ်ဆိုတဲ့သူတွေကတော့ ဝယ်လိုအားအပေါ် မူတည်ပြီး ငွေသားပေးချေမှ အဆင်ပြေမယ့်သူတွေလည်းရှိတယ်။ အရင်တုန်းကအခြေနေမှာတော့ ဖြစ်နိုင်ပေမယ့် အခုအခြေအနေကတော့ ငွေသားပေးမှ ရမယ်ဆိုတာမျိုးတွေ ဖြစ်နေတာ။ သိပ်ပြီး ထိရောက်မယ်လို့ မမြင်ဘူး။ ဖြစ်နိုင်ခြေမရှိဘူး” လို့ အမည်မဖော်လိုသူ စီးပွားရေးပညာရှင်တဦးက ပြောပါတယ်။

ရွှေစျေးနှုန်းတွေက အခုရက်ပိုင်းအတွင်းမှာ တအိအိနဲ့ နေ့စဉ် ကျဆင်းနေပေမယ့်လည်း အရောင်းအဝယ်အေးကာ အခြေအနေ စောင့်ကြည့်သူများလာတဲ့ အနေအထားမျိုးဖြစ်နေတယ်လို့ ရန်ကုန်ရွှေစျေးကွက်အတွင်းကနေ သိရပါတယ်။

“လောလောဆယ်က စျေးပြိုင်စနစ်နဲ့ ရွှေစင်ရွှေခဲတွေရောင်းနေတဲ့ အခြေအနေဆိုတော့ ဒါကိုစောင့်ကြည့်တာလည်း ပါလိမ့်မယ်။ ဒါပေမယ့်လည်း တကယ်တမ်းပြန်သုံးသပ်ကြည့်ရင် ဒါဟာ ဈေးကွက်ကို ကျဖို့၊ တက်ဖို့ လှုပ်ခတ်နိုင်လောက်တဲ့ ပမာဏတော့ မဟုတ်ပါဘူး။ အမှန်တကယ်က ရွှေဈေး အတက်အကျဟာ ကမ္ဘာ့စျေး၊ ဒေါ်လာငွေလဲလှယ်နှုန်း၊ ဝယ်လိုအား၊ ရောင်းလိုအား အခြေအနေတွေပေါ် မူတည်ပါတယ်။ ရွှေစင် သုံးပိဿာလောက်က လူဦးရေ သန်း ၆၀ အတွက် ဘယ်လောက်ရှိမှာတဲ့လဲ။ လူတချို့အတွက်ဆို ဒါဟာ တစ်ယောက်စာပဲရှိတယ်” လို့ ရွှေကုန်သည်သူတဦးက ရှင်းပြပါတယ်။

လက်ရှိ ရွှေစျေးကွက်အတွင်းမှာ အတက်စျေးမိထားသူတွေလည်းရှိနေပြီး အတက်အကျ အပြောင်းအလဲမြန်နေတဲ့ စျေးကွက်အတွက် လက်ရှိမှာ စျေးအနည်းငယ် ကျလာပေမယ့်လည်း အခြေအနေစောင့်ကြည့်သူတွေလည်း ပြန်များလာနေတယ်လို့ သူက ပြောပါတယ်။

“အခု အားလုံးလိုလိုက အရောင်းအဝယ် ခဏရပ်ထားပြီး ဈေးကွက်အခြေအနေ စောင့်ကြည့်နေတဲ့သဘောရှိပါတယ်။ ဒါ့အပြင် စျေးကွက်ထဲမှာ တက်စျေးမိထားတယ့်သူတွေကို အပြစ်တင်တာတွေလည်း တွေ့လာရတယ်။ တကယ်တော့ ရွှေစျေး ၃၈ သိန်းဖြစ်တဲ့နေ့က လက်ထဲငွေသားရှိနေတဲ့သူတွေ ၁၀၀ မှာ ၉၀ က ရွှေနဲ့ဒေါ်လာ ဝယ်ကြပါတယ်။ ဝယ်တဲ့သူတွေကလည်း မြတ်ချင်လို့ ဆိုတာထက် မြန်မာငွေကို ယုံကြည်မှုကင်းမဲ့နေလို့ ဝယ်တာများတယ်။ တစ်လတည်းကို ကျပ် ၁၀ သိန်းလောက်တက်သွားတာက မူမမှန်သလို တစ်လတည်း ကျပ် ၁၀ သိန်းကျော် ကျတာကလည်း မူမမှန်ပါဘူး။ အခုအချိန် ရွှေစျေးကျပေမယ့် ရွှေရောင်းပြီး ကျပ်ငွေကိုင်မယ်ဆိုတဲ့သူလည်း မရှိပါဘူး။ တကယ်လိုအပ်တဲ့သူလောက်ကပဲ အခုရောင်းပြီး ငါးသောင်း၊ တစ်သိန်း ထပ်ကျရင် ဝယ်မယ်ဆိုတဲ့သူတွေများတယ်” လို့ သူက ပြောပါတယ်။

အစိုးရက ရောင်းချပေးနေတဲ့ ရွှေတုံး၊ ရွှေခဲတွေရဲ့ ကြမ်းခင်းစျေးဟာ ၂၅ သိန်းဝန်းကျင်ရှိတယ်လို့ သိရပြီး လက်ရှိမှာတော့ ဝယ်မယ့်သူမရှိ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

“လေလံဆွဲမယ့်သူမရှိဘူး။ သုံးပိဿာကို တခါတည်း တလော့တည်း ပစ်တဲ့အခါကျတော့ လူတွေက အဲ့ဒီလောက် မဝယ်ချင်ကြဘူး။ ၅၀ သား၊ တပိဿာလောက်ပဲ ခွဲပြီးဝယ်ချင်ကြတာ၊ ကြမ်းခင်းစျေးကတော့ ပြောလို့မရဘူး အဖွဲဲ့ဝင်ဖြစ်နေတာကြောင့်။ အပြင်မှာပြောနေတဲ့စျေးလောက်ပါပဲ။ အပြင်စျေးနဲ့ သိပ်မကွာတာကြောင့် အလုပ်မဖြစ်တာလည်းပါမယ်” လို့ ရွှေတုံး၊ ရွှေခဲရောင်းချရာမှာပါဝင်တဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ရွှေတုံး၊ ရွှေခဲတွေကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ထပ်မံရောင်းချဖို့အတွက် ဗဟိုဘဏ်က အမိန့်ညွန်ကြားချက်တစုံတရာမရှိသေး​ဘူးလို့လည်း သူက ပြောပါတယ်။

အခုလို နစက က ရွှေတုံး‌၊ ရွှေခဲတွေ ဆက်လက် ထုတ်ရောင်းနေတာဟာ ငွေစက္ကူတွေ အလွန်အကျွံရိုက်ထုတ်မှုကြောင့် ငွေကြေးဖောင်းပွမှုကို ပြန်ထိန်းပြီး မြန်မာငွေတွေကို ပြန်သိမ်းတဲ့သဘောသာဖြစ်တယ်လို့ အထက်ပါ စီးပွားရေးပညာရှင်က ထပ်မံသုံးသပ် ပြောဆိုပါတယ်။

ဒါတင်မက ပြင်ပ ငွေကြေးဈေးကွက်မှာ ဒေါ်လာငွေလဲနှုန်း ကျပ် ၃၀၀၀ အောက် ရောက်ရှိလာခြင်းဟာလည်း မြန်မာငွေတန်ဖိုး တက်လာခြင်းမဟုတ်ဘဲ ဝယ်လိုအား နည်းလာခြင်းဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒေါ်လာစျေးကျတာက ဝယ်လိုအား နည်းတာကြောင့်ပဲ။ မြန်မာငွေစျေး မာလာလို့မဟုတ်ဘူး” လို့ သူက ပြောပါတယ်။

ဒေါ်လာစျေးကျလာခြင်းရဲ့ အဓိကပြဿနာမှာ GDB မရှိလို့ဖြစ်ပြီး ပြည်တွင်းထုတ်ကုန် လျော့ကျလာလို့ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အစိုးရက ကုန်သွယ်ရေးပိုင်းကို ထိန်းချုပ်ကန့်သတ်တာတွေ လုပ်လိုက်တဲ့အတွက် ဒေါ်လာက ဝယ်လိုအားကျပြီး စျေးကျဆင်းဖြစ်တယ်လို့ သိရပါတယ်။

ဒါနဲ့ပတ်သက်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အရာရှိကြီးတစ်ဦးကတော့ “မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Trade Financing အတွက် ဆက်တိုက် ဆောင်ရွက်နေပါတယ်။ အခု စက်သုံးဆီ တင်သွင်းသူတွေအတွက် နိုင်ငံခြားငွေပံ့ပိုးပေးနေသလို အခြား အဓိကကုန်စည်တွေအတွက်လည်း Financing ပေးဖို့ စဥ်းစားနေပါတယ်။ ဒါ့အပြင် ပြည်ပပို့ကုန်မြှင့်တင်ရေးအတွက်လည်း Export Financing ကိုဆောင်ရွက်နေပြီဖြစ်ပါတယ်။ အခုလိုမျိုး အကြောင်းအကျိုးတွေအရ ကျပ်ငွေတန်ဖိုးဟာ ဖြစ်သင့်တဲ့အခြေအနေသို့ ဦးတည်နေကြောင်း ပြောကြားလိုတယ်” လို့ ပြောပါတယ်။

ရက်ပိုင်းအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းတွေ ကျသွားတာဟာ ဝယ်လိုအားမရှိတာကြောင့်ဖြစ်ပြီး ဆီသမားတွေ အဝယ်သိသိသာသာ လျော့သွားတာကြောင့်လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဆန်စပါးနဲ့ ကောက်ပဲသီးနှံပေါ်ချိန်ရောက်သွားလို့ ကျပ်ငွေ အသုံးလိုချိန်ဖြစ်လာပြီး တရုတ်ဘက်က ရက်ရှည်ပိတ်ရက်ရှိလို့ ကျပ်ငွေ ဖော်နေတဲ့အချိန်၊ တာချီလိတ်ဘက်က ငွေအဝယ်မထွက်တဲ့အချိန်နဲ့ အဓိကကတော့ လူတွေက အကျလို့မြင်သွားချိန်မှာ စျေးဆင်းကြမ်းတာဖြစ်တယ်လို့လည်း သိရပါတယ်။

“လကုန် လစာငွေနဲ့ဆိုရင် ရှေ့ရက်တွေမှာ ပိုကျနိုင်တယ်ထင်ပြီး ဈေးကျနေတာပါ။ ဗဟိုဘဏ်က ထိန်းတဲ့မူက ပိုအရေးပါနေပါတယ်။ အခုဆို ဗဟိုဘဏ်ဘာလုပ်မလဲလို့ လူတွေက စိတ်ဝင်စားနေကြပါတယ်။ တခြား မီဒီယာတွေကို သိပ်စိတ်မဝင်စားကြတော့ပါဘူး။ (ဥပမာ ဒီနေ့ရွှေရောင်းပေးမယ်ဆိုတဲ့သတင်း)စျေးကျခြင်းအတွက် လူတွေဖမ်းတာထက် မူကပိုအရေးပါတယ်လို့ မြင်ပါတယ်”လို့ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တဦးက ပြောပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ ထိုင်း-မြန်မာနယ်စပ် ငွေလဲစျေးနှုန်းတွေအရ ထိုင်းငွေတစ်ဘတ်ကို မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ​အမေရိကန်ဒေါ်လာ ​ပြင်ပပေါက်စျေးမှာလည်း အကျဘက်ကိုဦးတည်နေပြီး ဝယ်လိုအားမရှိဘဲ စျေးကွက်အခြေနေစောင့်ကြည့်ရတဲ့ အနေအထားသာရှိတယ်လို့ ငွေလဲလှယ်ရောင်းဝယ်လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ဒေါ်လာနဲ့ရွှေစျေး

Related posts

Leave a Comment

VOM News

FREE
VIEW