အီရန်မှာ ဆန္ဒပြပွဲကို အာဏာပိုင်တွေဖြိုခွင်းမှု ၁၃၃ ဦးသေဆုံး

တီဟီရန်၊ အောက်တိုဘာ-၃-၂၀၂၂
မျိုးဆက်(VOM)

အီရန်နိုင်ငံမှာ အောက်တိုဘာ ၂ ရက်ကဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း တက္ကသိုလ်ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့အကြား အဓိကရုန်းများဖြစ်ပွားခဲ့ပါတယ်။

စက်တင်ဘာလအတွင်းက စတင်ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြမှုတွေအတွင်း လူ ၁၃၃ ဦးသေဆုံးခဲ့ပြီဖြစ်ပါတယ်။

ဒီလိုအဓိကရုန်းဖြစ်ပွားမှုမှာ အီရန်က ဂုဏ်သိက္ခာရှိတက္ကသိုလ်တခုဖြစ်တဲ့ တီဟီရန်ရှိ ရှာရစ်ဖ်တက္ကသိုလ်မှ ကျောင်းသားတွေအများအပြားဟာ ကျောင်း၀န်းအတွင်းရှိ ကားရပ်နားရာနေရာမှာ ပိတ်မိနေခဲ့ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့၀င်တွေဟာ ကျောင်းသားတွေရဲ့ အဆောင်တွေကိုတိုက်ခိုက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပြီး ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းခဲ့တယ်လို့ အချို့သတင်းဌာနတွေက ဖော်ပြထားပါတယ်။

ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ခဲ့ပုံရတာကြောင့် သူတို့နဲ့ဝေးရာကို ကျောင်းသားများထွက်ပြေးနေတဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

မျက်နှာစည်းခေါင်းဆောင်း၀တ်ဆင်တဲ့ စည်းမျဉ်းကို ချိုးဖောက်တယ်ဆိုကာ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတဦးသေဆုံးပြီးနောက် အီရန်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ စက်တင်ဘာလအတွင်း စတင်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ ဖမ်းဆီးထားချိန်ချိန် ရုတ်တရက်နှလုံးရောဂါကြောင့် သေဆုံးသွားခြင်းဖြစ်ပြီး၊ နှိပ်စက်ညှဉ်းပန်းမှုမရှိကြောင်း အီရန်ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တီဟီရန်

Related posts

Leave a Comment

VOM News

FREE
VIEW